ရန်ကုန်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ပြီး ပြည်သူ ၄ ဦးကို မီးရှို့ သတ်ဖြတ်သွားကြောင်း Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထန်းကြီးဘူတာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၄ ဦးကို ဖမ်းဆီး နှိပ်စက်ပြီး ထန်းကြီး ဘူတာ အနောက်ဘက်ရှိ နေအိမ်တစ်လုံးထဲတွင် ပိတ်လှောင်ကာ မီးရှို့ သတ်ဖြတ်သွားကြောင်း၊ ထို့ပြင် ထန်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး ပြာကျခဲ့ကြောင်း သိရသည်။
” စစ်ခွေးတွေ သတ်ဖြတ်သွားတာက ပေါက်ကန်ရွာမက ပြည်သူ ၁ ဦးနဲ့ ပေါက်ကန် ဘူတာက ၃ ဦးပါ။ ပေါက်ကန်ရွာမကြီးရဲ့ အနောက်ဘက်မှာရှိတဲ့ ရထားလမ်းနဲ့ ကားလမ်းနားမှာနေတဲ့ ပြည်သူတွေပါ။ ညမှာ အင်္ကျီအဝတ်အစားတွေ ချွတ်ပြီး တစ်ညလုံး နှိပ်စက်ပြီး နံနက်ရောက်မှ မီးရှို့သတ်သွားတာ” ဟု Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ထန်းကြီးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူပိုင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်တပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ထန်းကြီးရွာအား အဝေးမှ တွေ့မြင်ရစဥ်