27 C
Yangon

ဟုမ္မလင်းတွင် ၃ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၇၀ ခန့် သေဆုံး ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ရွာတွင် အကြမ်းဖက် စစ်တပ်၊ SNA လက်နက်ကိုင် ပူးပေါင်းတပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၇၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် မိုးကြိုးကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဟုမ္မလင်းမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော ပင်ခုတ်ရွာကို အကြမ်းဖက် စစ်တပ်၊ SNA (ရှမ်းနီ) လက်နက်ကိုင် အဖွဲ့ ပူးပေါင်းတပ်များက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် SNA ရှမ်းနီ လက်နက်ကိုင် အဖွဲ့များက ပင်ခုတ်ကျေးရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် SNA (ရှမ်းနီ) လက်နက်ကိုင် အဖွဲ့များ ပင်ခုတ်ရွာမှ ပြန်လည် မဆုတ်ခွာမှီ ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပင်ခုတ်ရွာရှိ ကျန်းမာရေး အဆောက်အဦး ခေါင်းမိုးကို ထိမှန်ကာ ပြိုကျခဲ့ကြောင်း သိရသည်။

” ၁၁ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ အကြမ်းဖက် စစ်ကောင်စီနဲ့ SNA ရှမ်းပြည် လက်နက်ကိုင်အဖွဲ့ ပူးပေါင်းတိုက်တွေက အင်အား အလုံးအရင်းနဲ့ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာပေါ့။ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ တိုက်ပွဲပြီးသွားတယ်။ ပင်ခုတ်တို့ ဘာတို့ဆိုတာက ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေ ရှိတယ်လေ သူတို့ဘက်က အကြမ်းဖျင်းသိရတာတော့ ၇၀ ကျော် ၈၀ လောက်ကျတယ်။ အခုတော့ အကြမ်းဖက် စစ်တပ်နဲ့ SNA အဖွဲ့တွေ နောင်ပိုအောင်ရွာကို ပြန်ဆုတ်သွားကျပြီ” ဟုမ္မလင်းမြို့နယ် မိုးကြိုး ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ မက်မွန်ရွာတွင်လည်း SNA (ရှမ်းနီ) လက်နက်ကိုင်အဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မက်မွန်ရွာအတွင်းရှိ ပြည်သူများကို SNA အဖွဲ့က ရွာလုံးကျွန် ထွက်ခွာ ခိုင်းထားသောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article