ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာတွင် စစ်တပ်၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် သေဆုံးသူ ၁၁ ဦးမှုအ တွက် စစ်တပ်က ငွေ ၅ သိန်းနှင့် ဆန်အိတ်လျှော်ကြေးပေး၊ မီဒီယာ များမေး လျှင် စစ်တပ် မပစ်ခတ်ဟု ဖြေဆိုရန် ပြည်သူများကို ခြိမ်းခြောက် ကြောင်း သိရှိ ရသည်။
နိုဝင်ဘာ ၁၆ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ နခခ (၇)နှင့် မောင်တော ကြိမ်ချောင်း ၂၄ ဗျူဟာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဂြိတ်ချောင်း(မြို)ကျေးရွာတွင် အရပ်သား ပြည် သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၂၇ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ များထဲတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၃ ဦးနှင့် ဆယ်ကျော် သက် အရွယ်ကလေးတစ်ဦး ပါဝင်ပြီး သေဆုံးဒဏ်ရာရသူများကို စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်နေ့က ငွေကျပ် ၅သိန်းနှင့် ဆန်များ ပေးအပ် ထောက်ပံ့ ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက မောင်တောကြိမ်ချောင်း ၂၄ ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည့်စုံအောင်၊ နခခ ၇ တပ်မှ ရဲမှူးကြီး ဝင်းမြင့် အောင် တို့ က ကျေးရွာသားများကို အရေးပေါ် အစည်းအဝေးများခေါ်ယူကာ ယင်းပစ်ခတ်မှုသည် ၎င်းတို့ လက်ချက်မဟုတ်ကြောင်း၊ AA က ပစ်ခတ်မှု ဖြစ်ကြောင်းကျေးရွာသားများကို ရှင်းပြကြောင်း သိရှိရသည်။
“ဗျူဟာမှူး ပါတယ်။ ပြီးတော့ ရဲမှူးကြီးပါတယ်။ တပ်အင်းအား ၄၀ လောက် ရှိမယ်။ အရေးပေါ် အစည်းအဝေးခေါ်တယ်။ ခင်ဗျားတို့ ရွာကို တပ်မတော်က ပစ်တာမဟုတ်ဘူး။ AA က ပစ်တာ၊ ဆိုပြီးတော့ ပစ်တဲ့နေရာတွေကို မြေပုံ တွေနဲ့ ပြတယ်။ မနေ့ကတော့ သေဆုံးဒဏ်ရာရတဲ့သူတွေကို သူတို့( စစ်ကောင်စီ) ကငွေ ၅ သိန်း စီပေးတယ်။ ပြီးတော့ ဆန်တွေပေးတယ်” ဟုပြောသည်။
စစ်တပ်၏ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ ဦးရွှေလောင် (၆၅)နှစ်နှင့် သူ၏သား ကိုဝင်းနိုင် (၃၀)၊ ဦးခင်မောင်ဇော် (၄၅)နှစ်၊ ဦးလှမောင် (၄၀)၊ ကိုခွီးလှ (၃၀)၊ ကိုဒီးဒီး (၃၅)နှစ်နှင့် သူရဲ့သား (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဦးဆင်ရုံး (၆၀)တို့ဖြစ်ကြပြီး ၄င်းတို့မှာ နားထိုးပွဲအိမ်သို့ ရောက်နေကြသူများဖြစ်ကြသည်။
ထို့အပြင် ထပ်မံ ကျရောက်ခဲ့သည့် ၄လုံးမြောက် လက်နက်ကျည်မှာ ရွာဟောင်း ကျေးရွာမှ ဦးရန်အောင်၏သား ၁၂ နှစ်အရွယ်နှင့် သူ၏ညီမသား ၈ နှစ်အရွယ်၊ ရွာသစ်ကျေးရွာမှ ဦးယင်ငြိမ်း၏သား အသက် ၁၂ နှစ်အရွယ်တို့မှာ ကြိမ်ချောင်း ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ပြည်သူများ သေဆုံးစေသည့် လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီတပ်၏ အမှတ် ၂၄ ကြိမ်ချောင်း စစ်ဆေးရေးဂိတ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၇) တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဂြိတ်ချောင်း ကျေးရွာ သားများ ကပြောဆိုကြသည်။
” ပစ်တာကတော့ အမှတ်(၂၄) ကြိမ်ချောင်း စစ်ဆေးရေးဂိတ်ပစ်တာပါ။ ပြီး တော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၇)တို့က ပစ်တယ်။ သူတို့ ပစ်တယ်လို့ ဘယ်ဝန်ခံပါ့မလဲ။ ရွာကလူတွေသေတယ်။ ဒဏ်ရာရတယ်လို့ သတင်းရမှ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်တယ်။ အဲ့ဒီအခါမှာ သူတို့က လာပြီးတော့ ရှင်းပြတယ်။ အဲ့ဒီနေရာက ပစ်တယ်ဆိုတာ တစ်ရွာလုံးသိတယ်။ ကြောက်ပြီး တော့ တစ်ယောက်မှ ထုတ်မပြောတာ”ဟုပြောသည်။
နခခ (၇) မှ ယမန်နေ့က ဂြိတ်ချောင်း (မြို) ရွာသစ်၊ ရွာဟောင်း နှစ်ရွာလုံးကို လက်နက်ကြီးကျည်စုစုပေါင်း ၆ လုံးပစ်ခတ်ခဲ့ပြီး၊ ရွာသစ်ကျေးရွာရှိ ကလေး နားထိုးပွဲတစ်ခုတွင် လူစုလူဝေးများရှိနေကြရာ ယင်းနေရာသို့ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူများကို ယမန်နေ့က ညတွင်းချင်းဖြစ်သလို သင်္ဂြိုဟ်ခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော ဦးမင်ယက်မှာ မောင်တောဆေးရုံ၌ ဆေး ကုသမှုခံယူလျက်ရှိပြီး၊ တခြားဒဏ်ရာရရှိသူများမှာ စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။
လက်နက်ကြီးကျရောက်ခဲ့သည့် ဂြိတ်ချောင်းကျေးရွာသည် မြိုတိုင်းရင်း သား များနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု ၅၅ စုနှင့် လူဦးရေ ၄၇၀ ကျော်ရှိကာ တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ယင်းကဲ့သို့ စစ်ကောင်စီမှ လူနေကျေးရွာများဖက်သို့ ပစ်ခတ်မှုကြောင့် ဂြိတ် ချောင်း ကျေးရွာသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ဂြိတ်ချောင်း (မြို) ကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ နခခ (၇) ၏ တစ်မိုင် ခန့်အကွာတွင် ရှိကြောင်း သိရှိရသည်။
ယခုရက်ပိုင်းများအတွင်း စစ်ကောင်စီမှ မြို့ရွာအလိုက် လူနေကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုမှာ ဆက်တိုက်ရှိနေပြီး ထိုသို့ပစ်ခတ်မှုကြောင့် နိုဝင် ဘာ ၁၀ ရက်နေ့တွင် ပုဏ္ဏားကျွန်း အိုင်ဒင်မှ ၂ ဦး၊ ၁၁ ရက်နေ့တွင် ကျောက် တော် ရွှေပြည်သစ်မှ ၆ ဦး၊ ၁၂ ရက်နေ့တွင် မြောက်ဦး ကျောင်းတောင်မှ ၂ ဦး၊ ၁၅ ရက်နေ့တွင် ပုဏ္ဏားကျွန်း ကွမ်းတောင်မှ ၁ ဦးတို့ အသီးသီး ထိခိုက်မှုတို့ ရှိခဲ့ကြသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)
ဓာတ်ပုံ- ယမန်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ် တစ်ဦး။