ရန်ကုန်၊ နိုဝင်ဘာ ၁၈
ရန်ကုန်၊ ခရမ်းမြို့နယ်၊ ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး သန်းဌေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ခရမ်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြော ဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး သန်းဌေးသည် ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဥ် အမည် မသိ သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဌေးသည် ပျူစောထီး သင်တန်းဆင်း တစ်ဦးဖြစ်ပြီး ကျည်ထိ ဒဏ်ရာ လေးချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်း ရဲတင့်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်ထောက်ခံပွဲတွေ ဦးဆောင်ကျင်းပလေ့ရှိသူ စစ်မှုထမ်းဟောင်း ရဲတင့် ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ စစ်ကိုင်း မြို့နယ်၊ ရေမျက်ကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ် ခံထားရသူ ကျော်ဆောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၊ ပစ် ခတ်သွားသူများမှာ မည်သည့်အဖွဲ့မှ မသိရှိရသေးကြောင်း သိရှိရသည်။
“သူက စျေးရောင်းသလိုလိုနဲ့ သတင်းပေးလုပ်တယ်လို့ ပြောတယ်။ ပစ်ခတ် သွားတာလည်း ဘယ်အဖွဲ့မှန်းတော့မသိဘူး။ အလောင်းကို မြို့ပေါ်က ရဲနဲ့စစ် တပ်တော့ လာကောက်တယ်။ နောက်ပြီးရွာထဲမှာ မေးမြန်းပြီး စစ်ဆေးတယ်။ ရွာက လူငယ်တွေကတော့ ဘာမှန်းမသိဘဲ အရမ်းခံရမှာစိုးလို့ ရှောင်နေရတယ်” ဟု ဒေသခံက ပြောဆိုသည်။
ဓာတ်ပုံ- ရေမျက်ကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူ ကျော် ဆောင် သေဆုံးနေစဉ်။