ရန်ကုန်၊ နိုဝင်ဘာ ၁၉
မန္တလေးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းမြင့်အေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သွားပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းမြင့်အေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းကို သေနတ်ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ဒလန် ထွန်းမြင့်အေးကို ဒီနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ မဟာအောင်မြေ မန္တလေးမြို့ မင်းကုန်းအရပ် သေနတ်နဲ့ လာပစ်သွားတယ်။ မိနစ် ၂၀ လောက်မှာ စစ်သားတွေ ရောက်လာပြီး မိုးပေါ်ပစ်ဖောက်ပါတယ်။ ပစ်ခတ်မှုအနီး တစ်ဝိုက်က ယောကျ်ားလေးတွေကို စစ်ဆေးဖို့ ခေါ်သွားကြပါတယ်။ အရေအတွက် အတိအကျမသိပါ ပွဲချင်းပြီးသေတာပါ ခေါင်းပစ်ခံရတာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
