ရန်ကုန်၊ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ရေးမှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကားများကို ကာကွယ်ရေး တပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်တွင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကား ၇ စီးကို ကွမ်ကြိုက်နှင့် ကနင်ကမော့ရွာ အကြားတွင် တောင်ညိုပြည်သူ့ ပြောက်ကျားအဖွဲ့မှ ပထမ အကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် သံဖြူဇရပ်မြို့မှ လမ်းကင်း အဖြစ် လာသော Double Cab ကားသေး ၁ စီးကို ဝဲခမီကျေးရွာအနီး တွင် ဒုတိယ အကြိမ် တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့ တို့ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ရေးမြို့ မှ သံဖြူဇရပ်သို့ တက်လာသော စစ်ကား ၇ စီးကို ဘေးလမိုင်းရွာ အနီး တွင် တောင်ညိုပြည်သူ့ ပြောက်ကျား အဖွဲ့မှ တတိယအကြိမ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညို ပြည်သူ့ ပြောက်ကျား အဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာအနီးတွင် ညသန်းခေါင်အချိန်၌ ပျူစောထီးများ အပြင်ထွက်လာစဉ် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Guerrilla warfare K.P.K၊ TSR ၊ ရွှေဘိုခရိုင် တပ်ရင်း(၁၀)၊ တပ်ရင်း(၂၆) Taze Tiger ၊ PLA နှင့် မြို့နယ်ပလဖ အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
