28.3 C
Yangon

မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ယနေ့ည ၁၂ နာရီ အပြီး ဖျက်သိမ်း ရန် စစ်တပ်က အမိန့်ပေး၊ ည ၁၂ နာရီကျော်လျှင် မရွှေ့ ပြောင်းသော အဆောက်အအုံ နှင့်ပစ္စည်းများအားလုံးကို စစ်တပ်က သိမ်းယူ မီးရှို့မည်ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို ယနေ့ည ၁၂ နာရီ မတိုင်မီ အပြီးဖျက်သိမ်းရန် စစ်ကောင်စီ က အမိန့်လာပေးနေပြီး ည ၁၂ နာရီကျော်သည်နှင့် တပ်ပိုင်မြေပေါ်ရှိ အ ဆောက် အအုံနှင့်ပစ္စည်းများအားလုံးကို စစ်တပ်က သိမ်းယူမည်ဟု အမိန့် ပေးနေကြောင်း သိရှိရသည်။

“ဒီည ၁၂ နာရီ ပစ္စည်းတွေ အကုန် သိမ်းယူပါ။ ည ၁၂ နာရီကျော်လို့ ဒီမြေပေါ် က ထွက်မပေးရင် မြေကြီးပေါ်က ပစ္စည်းတွေအားလုံးက သူတို့ဟာပဲလို့ ပြော တယ်။ ဘူဒိုဇာတွေလည်း လမ်းထိပ်တွေမှာ လာရပ်ထားတယ်။ အတော်ကို ယုတ်မာတဲ့ လူတွေဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “မင်္ဂလာဒုံ ပျဉ်းမပင်အုပ်စုမှာရှိတဲ့ အိမ်တွေကို ဒီည ၁၂ နာရီနောက်ဆုံး ထား‌အတင်းရွှေ့ခိုင်းနေတယ်။ အစက နိုဝင်ဘာ ၂၂ ရက် နေ့နောက်ဆုံးဆိုပြီး အခု ဒီညမရွှေ့ရင် အကုန် မီးတင်ရှို့မယ်ပြောနေ တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ရပ်ကွက်များတွင် ပြည်သူများက မိမိတို့၏ နေအိမ်များကို ဖျက်၍ ရွှေ့ပြောင်းသူများရှိသကဲ့သို့ မည်သည့် ရွှေ့ပြောင်းမှုမှ မလုပ်ဘဲ အသေခံမည်ဟု ပြော ဆိုနေသူများလည်းရှိနေကြောင်း၊ ပြည်သူများ ညီညွတ်သော ရပ်ကွက် တချို့ကိုမူ ဖိအားပေးမှုမရှိကြောင်း သိရှိရသည်။

“ဖျက်တဲ့လူတွေလည်း ဖျက်နေကြပြီ။ မဖျက်တဲ့လူတွေကလည်း မဖျက်ဘူး။ သတ်ရင်လည်း သေမယ်။ သွားစရာ လည်း နေစရာမရှိဘူးဆိုတဲ့ လူတွေ လည်း ရှိတယ်။ မနက်ဖြန် ဘာဆက်ဖြစ်မလဲတော့မသိဘူး။ မူလက နိုဝင်ဘာလ ၂၂ ဒိတ်ရွှေ့ပေးထားတာ။ အခုက ဒီည ၁၂ နာရီ ချက်ချင်းကြီး ထပြောင်း ခိုင်း နေ တယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။

မူလက စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ နေအိမ်များ ဖျက်သိမ်းရန် အမိန့် ထုတ်ခဲ့သော်လည်း ရပ်ကွက် ၅ ခုမှ ပြည်သူအများစုက ဖျက်သိမ်းပေးခြင်း မရှိ ဘဲ အခြေအနေကို စောင့်ကြည့်ကြကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၂၂ ရက် နေ့ စစ်တပ်က အပြီး ဖျက်သိမ်းပေးရန် ထပ်မံ ဖိအားပေးလာခဲ့ရာမှ ယနေ့ ည ၁၂ နာရီ မတိုင်မီ ဖျက်သိမ်းရန် စစ်တပ်က အမိန့် ထပ်မံ ထုတ် ပြန်လာ ခြင်းဖြစ်သည်။

“မြေက နှစ် ၂၀ လောက်ရှိပြီ။ ဘုန်းကြီးကျောင်းတွေဆိုတာလည်း အခိုင်အမာ ကြီးတွေ လှူဒါန်းသူတွေနဲ့ တည် ဆောက်ထားတာ။ အရင် စိုက်ပျိုးမြေတွေ၊ ဥယျာဉ် ခြံမြေတွေပါ ။ ပိုင်ရှင် မြေစလစ်တွေလည်းရှိတယ်။ အဲဒါ ပိုင်ရှင်တွေက လှူကြတော့ ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းတွေ ဆောက်ထားတာ ၆၀ လောက်ရှိမယ်။ အခု ဖျက်မယ်လို့ စစ်တပ်က ဖျက်ခိုင်းတဲ့အထဲမှာ ဘုန်း‌ကြီး ကျောင်း သီလရှင်ကျောင်းတွေ အကုန်ပါတယ်။ သံဃာတော်တွေကတော့ သံဃ မဟာနာယက၊ မြို့နယ်၊ တိုင်း၊ ခရိုင်၊ ဗဟို အဆင့်ဆင့် တင်ပြနေကြတယ်။ စစ်တပ်က ဖျက်ဖို့ ဘက်ဟိုး ဘူဒိုဇာတွေ ပြင်နေကြပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက်ရှိ အိမ်များကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး အတင်း အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

“အသံချဲ့စက်နဲ့ ဖျက်သိမ်းပေးဖို့ ကြေညာပါတယ်။ ဒီမြေတွေက ခရိုင်တရားရုံး မှာ အနိုင်ဒီဂရီ စာချုပ်ရထားပြီးသားပါ။ ၂၀၁၄ မှာ ကျူးကျော်အဖြစ် သတ်မှတ် ပြီး ဖျက်သိမ်းခဲ့သေးတယ်။ အဲလို ဖျက်သိမ်းတာကို ဘိုးဘွားပိုင်မြေဖြစ်တဲ့ ပြည် သူ တွေက ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ပြီး ခရိုင်မှာ ပြန်နိုင်ခဲ့ပါတယ္။ အခု ပြောင်း ပေးဖို့ ကြေညာတာကလည်း နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံး ထား ဖျက် သိမ်းပေးပါလို့အမိန့်ထုတ်တယ်” ဟု ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက် ၅ ခုအတွင်း အိမ်ခြေပေါင်း သောင်းကျော်ရှိပြီး လူဦးရေ ၅ သောင်းနီးပါး နေထိုင်ကြကြောင်း၊ ယခုကဲသို့ ဘိုးဘွားပိုင်မြေများကို ကျူး ကျော်များဟူ၍ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေသည့်အတွက် ပြည်သူများ စိတ်ဆင်းရဲ ပူပင်နေရကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကပြောပြသည်။

“အခု စာချုပ်စာတမ်းတင်တဲ့ လူတရားစွဲမယ်ပြောတယ်။ အရေးယူမယ် လို့ လည်း ခြိမ်းခြောက်နေပါတယ်။ အိမ်ခြေက သောင်းကျော်ရှိမယ်။ ရပ်ကွက် ထဲ က လူတွေက နေစရာမရှိ အိမ်ခြေမဲ့သွားတော့မှာ။ သူတို့က အမိန့်စာထုတ် ပြီး အတင်းဖျက်ခိုင်းနေတာ အကြောင်းပြချက်မပေးဘူး” ဟု ဖျက်သိမ်းရန် အတင်း အဓမ္မပြောဆိုခံရသည့် ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။

ဓာတ်ပုံ- ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဖျက်သိမ်းနေကြရသည့် ပြည်သူ များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article