ရန်ကုန်၊ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယမန်နေ့ အသတ်ခံရသူ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချောသည် စစ်တပ်အတွက်အလုပ်လုပ်နေသည့် ကြံ့ဖွတ်တာဝန်ခံဖြစ်ပြီး နေအိမ် အနုကြမ်းစီးခံရမှုမဟုတ်ကြောင်း ဒေသခံများ၊ ကြံ့ဖွတ်ပါတီနှင့်နီးစပ်သူများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်း သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံ ဆိုင်တွင် အသက် ၆၀ နှစ်အရွယ် ဒေါ်ချောချောကို ဓားဖြင့် ထိုးသတ်ခံ ရခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် ရွှေနှင့်ငွေများ ပါသွားသည်ဟု သတင်းလွှင့်ခဲ့သော်လည်း ရွှေနှင့်ငွေများ လုံး၀ ပါသွားခြင်းမရှိဟု သိရှိရသည်။
“သေသွားတဲ့ အမျိုးသမီး ဒေါ်ချောချော ဆိုသူက ကြံခိုင်ရေး ပါတီဝင် မြို့နယ်အမျိုးသမီးရေးရာ အလုပ် အမှုဆောင်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတာ။ တစ်လမ်းလုံးလည်း သိတယ်။ ရှင်းရှင်း ပြော ရရင် ဒလန်ပဲ။ ဒါပေမယ့် သူအသတ်ခံရတာ ဒလန်ရှင်းတာမျိုး ဟုတ်၊ မဟုတ်ထက် သူက ငွေရေး ကြေးရေး အရှုပ်အရှင်းတွေ အရမ်းများတယ်။ သူတို့ ကြံခိုင်ရေး ပါတီနဲ့ ပါတီဝင်တွေ အချင်း ချင်း ငွေရေးကြေးရေး အရှုပ်အရှင်းတွေဖြစ်လို့ ရုံးရောက်၊ ရဲတိုင်နဲ့ ရှင်းနေရတဲ့အချိန်။ အနုကြမ်း စီးသလို သတင်းလွှင့်တာ။ တကယ်က သူတို့အချင်းချင်းဖြစ်တာမျိုးလို့တောင် ယူဆလို့ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သာကေတမြို့နယ်ကြံ့ဖွတ်ပါတီဝင် ဒေါ်ချောချာ အသတ်ခံရသည့်အတွက် စစ်ကောင်စီတပ်များက ယမန်နေ့ တစ်နေ့ လုံး သာကေတတစ်မြို့နယ်လုံးတွင် စစ်ကားများဖြင့်ကင်းလှည့်ခြင်း ၊ လမ်းတချို့ကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သေသွားတဲ့သူက ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးလည်း လုပ်နေတယ်။ ၂၀၂၃ ရွေးကောက်ပွဲ အတွက် လည်း သင်တန်းတွေ အစည်းအဝေးတွေ သူက တက်နေပြီ။ ဝင်သတ်တဲ့လူတွေကလည်း ကျန်တဲ့ အိမ်သားတွေကို ဘာမှမလုပ်ဘဲ သူ့ကိုပဲ ရွေးလုပ်တာ။ ငွေကြေးနဲ့အဖိုးတန်ပစ္စည်းတွေလည်း ဘာမှ မပါသွားဘူး။ ဒါပေမယ့် သတင်းထွက်တော့ ရွှေ၊ ငွေတွေပါတယ်ဆိုပြီး သတင်းထွက်လာတာ။ လုပ်တဲ့ လူတွေကလည်း သူ့အိမ်ကို တန်းတန်းမတ်မတ်လာပြီး သူ့ကို ရွေးလုပ်တာဆိုတော့ ရန်ငြိုးလား၊ ဘာလားတော့ မပြောတတ်ဘူး” ဟု သာကေတမှ အခြားဒေသခံတစ်ဦးက ဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီအချိန် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်သိန်းကို အမည်မသိသေနတ်သမားတချို့က ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ စစ်ကောင်စီ တပ်များက ပခုက္ကူ-မြိုင် မြို့ရှောင်လမ်းဆုံကို ပိတ်ဆို့ စစ်ဆေး နေကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံတချို့က ပြောသည်။
ဓာတ်ပုံ- သာကေတမြို့နယ် ကြံ့ဖွတ်ရုံးမှ အစည်းအဝေး တစ်ခုမြင်ကွင်း။