ရန်ကုန်၊ နိုဝင်ဘာ ၂၃
ပဲခူးတိုင်း၊ ရွှေကျင်မြို့ပေါ်ရှိ ရပ်ကွက် ၂ ခုနှင့် ရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ဖယ်ရှားခိုင်းကြောင်း ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေရှိ ရွှေကျင်မြို့စွန် အနီးမှ ခြေတော်ရာ၊ ကျွဲတဲနှင့် ကျွဲတဲ (ကွက်သစ်) စသည့်နေရာမှ ဒေသခံ ပြည်သူများကို ရွှေ့ပြောင်းပေးရန် အကြမ်းဖက် စစ်တပ်ဘက်က လိုက်လံပြောဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘောကထာ၊ သံဆိပ်၊ တုံးတံတား တိုက်ပွဲအပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်က စစ်ကြောင်းထိုးရန် စီစဉ်နေသောကြောင့် စစ်ကြောင်းထိုးချိန် ထိခိုက်မှုတွေ ရှိလာ နိုင်တယ်ဟု ပြောဆိုပြီး ဒေသခံ ပြည်သူများကို ရွှေ့ပြောင်း ထားပေးကြရန် ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံ ပြောဆိုနေကြောင်း၊ ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းပိုင်းရှိ ရွာများကို အကြမ်းဖက် စစ်တပ်က ယာယီ ရွှေ့ပြောင်းပေးရန် နိုဝင်ဘာ ၁၄ ရက်နေ့က စတင် ရွှေ့ပြောင်း ခိုင်းကြောင်း၊ ကျွဲတဲကွက်သစ်နှင့် ခြေတော်ရာ (ရှမ်းရွာ) ကိုတော့ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ ရွှေ့ပြောင်းခိုင်းထားပြီး ၎င်းတို့ စစ်ကြောင်းထိုးလျှင် ထိခိုက်မှုဖြစ်ပေါ်လာပါက တာဝန်မယူနိုင်ကြောင်း ပြောဆိုသွားသည်ဟု သိရသည်။
ရွှေကျင်မြို့ပေါ်ရပ်ကွက်များရှိ ထားစရာမရှိသည့် လမ်းပေါ်ညအိပ်ထားသော ကားများကို အကြမ်းဖက် စစ်တပ်က လွတ်သည့် နေရာများသို့ ရွှေ့ပြောင်းထားရန်နှင့် စစ်သားများ ချောဆွဲပါက တာဝန်မယူနိုင်ကြောင်း လိုက်လံပြောဆိုနေကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်က ရွှေ့ပြောင်းခိုင်းသည့် နေရာ ၃ ခုတွင် ဒေသခံ ပြည်သူ ၅၀၀၀ ကျော် နေထိုင်သည့် ရပ်ကွက်များဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ထိ ဒေသခံ ပြည်သူများ ရွှေ့ပြောင်းခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ရွှေကျင်မြို့ဘက်မှ KNLA တပ်များ ရှိရာ နေရာများကို စစ်ကြောင်းထိုးရန် တင့်ကားများ၊ အမြှောက်ကားများ၊ စစ်ကောင်စီတပ်သားတွေ စုဖွဲ့ပြင်ဆင်ထားကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေကျင်ဗျူဟာကုန်း အတွင်းသို့ ရိက္ခာကားဟုယူဆရသော စစ်ကား ၈ စီး ဝင်ရောက်လာခဲ့ကြောင်း၊ ညနေ ၆ နာရီ ၃၀ မိနစ် ခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ည ၁၀ နာရီ ၃၀မိနစ်ခန့်တွင်လည်း စစ်ကား ၄ စီးသည် ရွှေကျင်ဗျူဟာကုန်းမှ သံဆိပ်ဖက်သို့ ကားလမ်းအတိုင်းထွက်ခွာသွားကြောင်း၊ ဒေသခံများ ရွှေ့ပြောင်းပေးရမည်ဟု သတင်း ထွက်နေခြင်း၊ ညဖက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခြင်း၊ ရွှေကျင်မြို့တွင်း တပ်များအင်အား တိုးချဲ့နေခြင်းတို့ကြောင့် ဒေသခံပြည်သူများမှာ ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူများ