ရန်ကုန်၊ နိုဝင်ဘာ ၂၅
အကြမ်းဖက်စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားဖြင့် ဝင်ရောက် ဆန္ဒပြကြကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပသည့် ” အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား” ကို အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“ဒီပွဲဟာ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်တက်ရောက်တယ်။ အခမ်းအနားကို လူကိုယ်တိုင်နဲ့ အွန်လိုင်း Zoom တက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်ထားတဲ့ Hybrid ပုံစံအခမ်းအနားဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအနေဖြင့် စစ်ကောင်စီ ရဲ့ Zoom အစည်းအဝေးကိုထဲကို ဝင်ရောက် ဆန္ဒပြခဲ့တာပါ။ ZOOM အခမ်းအနားအတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံတွေ ပြောင်းကာ ပြသခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန်ရေးဘက်တော်သားတွေရဲ့ကူညီမှုနဲ့ အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅ မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့်လည်း Zoom Setting မှာ အဲဒီလုပ်ဆောင်ချက်တွေကို ပိတ်ထားလို့ စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တာပါ” ဟု ဆန္ဒပြမှုတွင်ပါဝင်သူ တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းနောက် စစ်ကောင်စီက အွန်လိုင်း Zoom အစည်းအဝေးထဲအထိ ဝင်ရောက်ဆန္ဒပြသူများကို ချက်ချင်း ထုတ်ပယ်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေးအဖွဲ့က အသုတ်လိုက် ခွဲ၍ အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆန္ဒပြတဲ့သူတွေကို သူတို့က အွန်လိုင်းအစည်းအဝေးထဲက ထုတ်တယ်။ အဲဒီတော့ အဖွဲ့ဝင်တွေက တဝက်စီ ကျန်ကျန်ခဲ့ပြီး ဆန္ဒပြတာ။ အစည်းအဝေးထဲကို ၁၀ ဦးကျော်လောက်ဝင်ပြီး ဆန္ဒပြတာ။ ပထမ သူတို့လည်း ကြောင်ကြည့် နေသေးတယ်” ဟု တော်လှန်ရေးအဖွဲ့တာဝန်ရှိသူကဆက်လက်ပြောဆိုသည်။
စစ်ကောင်စီကျင်းပသည့် အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြမှုမှာ ယခုပထမဆုံးအကြိမ်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ စစ်ကောင်စီ၏ Zoom အစည်းအဝေးများကို ထိုးဖောက်ဝင်ရောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။