ရန်ကုန်၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်အတွင်း ၇ ရက်တာအတွင်း အကြမ်းဖက် စစ် တပ် စစ်ကြောင်းများ၏ ထိုးစစ်ဆင် စီးနင်းမှုများကြောင့် ရွာ ၈ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် တောင်ဘက်ပိုင်းရှိ ကျောက်တိုင်၊ ကျီစု၊ ရသား၊ ပြေကွင်း၊ ဖို့ကုန်း၊ ရွာသစ်၊ သောက္ကန်နှင့် သုံးဆင့်ကန် စသည့် ကျေးရွာ ၈ ရွာမှ သောင်းနှင့် ချီသော ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး စစ်တပ်က နေ အိမ် များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ သည်။
” စစ်ခွေးတွေက ရွာထဲကို ခဏခဏ ဝင်ကြတော့ ပြည်သူတွေကတော့ ရွာထဲမှာ သိပ် မနေကြတော့ဘူး။ ကန့်ဘလူ မြောက်ပိုင်းမှာဆိုရင် စစ်ရှောင်နေရတဲ့ ရွာ က ၃၀ ကျော်လောက်ရှိတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက ၂ သောင်း ကျော်လောက်ကိုရှိမယ်။ အဲဒါက ခန့်မှန်းစာရင်းပါ။ နောက်ပြီး အခုရက်ပိုင်း အတွင်း စီးနင်းခံနေရတဲ့ ကန့်ဘလူ တောင်ခြမ်းမှာဆိုရင် တိမ်းရှောင်နေတဲ့ရွာ ၈ ရွာကျော်လောက်ရှိတယ်။ တိမ်းရှောင်ပြည်သူ ၁သောင်း နီးပါးလောက်ရှိတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။
အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနှင့် ကန့်ဘလူဒေသတွင် နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များ ချိတ်ပိတ်ခြင်း၊ မိုင်း ထောင် ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူအများ ဘေး ဒုက္ခစုံကြုံတွေ့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် နိုဝင်ဘာ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ရက်များတွင် စစ်ကြောင်းထိုးခြင်းကြောင့် ကိုးတောင် ဘို့တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်ပြေးရသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရကာ အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာတွင် စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရ လက်ထက် ကျေးရွာဥက္ကဋ္ဌ (ဟောင်း) အိမ်ကို စီးနင်းဝင်ရောက်ကာ နေအိမ်အား ချိတ်ပိတ် သိမ်းဆည်းသွားခဲ့ပြီးကျေးရွာအတွင်း၌လည်း သေနတ်ပစ်ဖောက်ခြင်း၊ ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကြောင့် အသက် ၈၀ ကျော်အရွယ် အဘွားဒေါ်ရွှင်မှာ ထိပ်လန့်မှုကြောင့် နှလုံးရပ် သေဆုံးခဲ့ကာ အသက် ၂၂ အရွယ် လူငယ်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ကျွန်းလှ တက် ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၇ ရက်နေ့တွင်ပင် ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာမှ ဒေသခံ တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း – ၇၀၁ ကစစ်ကြောင်းက ထောင်ထားသည့် မိုင်းနင်းမိကာ ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ်အထက်မှ ပြတ်ထွက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင်မူ ကျွန်းလှမြို့နယ်၊ ခဝါသည်ကျေးရွာကို အကြမ်းဖက် စစ်ကြောင်းက အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်တပ်၏ မီးရှို့မှုကြောင့် ခဝါသည်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရပြီး အနီးအနားရှိကျေးရွာများအပါအဝင် ပြည်သူ ၇၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့ကပြောသည်။
ထို့ပြင် ကျွန်းလှမြို့မှ တန့်ဆည်မြို့နယ်သို့ ဝင်ရောက်သွားသည့် အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ၎င်းတို့ ဖြတ် သန်းသွားရာ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှိ့ဖျက်ဆီး မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၂ ရက်တွင် ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကျောက်တိုင်၊ ကျီစု ကျေးရွာများအတွင်းသို့ ဝင် ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်နေ့ များတွင်လည်း ဖို့ကုန်း၊ သောက်ကန်၊ အလယ်လျှို ကျေးရွာများ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီးနောက် နေအိမ်မီးရှို့မှုများကို ဆက်တိုက် ကျူးလွန်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆို သည်။
ပုံစာ – ကိုးတောင်ဘို့တိုက်နယ် ၊ ချပ်သင်းတိုက်နယ် မှ ပြည်သူများ စစ်ဘေးရှောင် နေစဥ်။