ရန်ကုန်၊ နိုဝင်ဘာ ၂၆
စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကား ၁၆ စီးပါ ယာဥ်တန်းမှ သေဆုံးသူ စစ်သား အရေအတွက် တိုးလာကာ အရာရှိများလည်း ပါဝင်ကြောင်း MSPDF တပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ ထွက်လာသည့် စစ်ကား ၁၆ စီးပါ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် ၈ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက် ဒဏ်ရာ ရရှိသူများထဲမှ စစ်သား ၄ ဦးသည် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ဗျူဟာမှူး အပါအဝင် သေဆုံးသူ ၁၂ ဦးထိ ရှိလာပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFမှ ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဇီးပြားရဲစခန်း ပျူစောထီး သင်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မြိုင်မြို့နယ် ဇီးပြားရဲစခန်း၌ ပျူစောထီးများကို သင်တန်းပေးနေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဇီးပြားရဲစခန်း ပျူစောထီး သင်တန်းကို ဒရုန်းနဲ့ အီနာဂါချရာတိုက်ခိုက်တာ ပျူ ၅ ဦးဒဏ်ရာရရှိတယ်။ အခု ဇီးပြားရဲစခန်းမှာ ရောက်နေတဲ့ ပျူသင်တန်းပေးတဲ့ စစ်ခွေး စစ်ကြောင်း မနေ့က ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ရဟတ်ယဥ်နဲ့ လာသယ်သွားတယ်” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြေဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖရင်း(၁) မြွေပွေးပျောက်ကျားတပ်ဖွဲ့၊ ပေါက် တိမ်လွှာမုတ်ဆိတ်ပေါက်နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
