30 C
Yangon

ကြေကွဲဖွယ် အစိတ်စိတ်အမြွှာမြွှာ မြန်မာ

Must read

By Charles Petrie

ယူကရိန်းနိုင်ငံအား ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသည် အနောက်ကမ္ဘာ၌ “ယခင်နှင့် ယခု” ဟူသော မတူကွဲပြားသည့် လက်တွေ့နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ကို ဖန်တီးပေးခဲ့သလို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရေး၏ ပကတိ အခြေအနေသစ် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

မြန်မာ့အာဏာသိမ်းမှုသည် မင်းအောင်လှိုင်၏ အကြီးအကျယ် လွဲချော်ခဲ့သော တွက်ကိန်းအမှား တစ်ခုဖြစ်သည်။ ပဋိပက္ခသက်တမ်းသည် နှစ်နှစ်နီးပါးကာလသို့ ချင်းနင်းဝင်ရောက်လာချိန်၌ နိုင်ငံနယ်မြေအများစုကို စစ်တပ်၏ ထိန်းချုပ်နိုင်မှု ကင်းမဲ့နေသည့်အချက်မှာ ထင်ရှားလာနေပြီး အာဏာမသိမ်းမီက ပိုင်ဆိုင်ထားသော နိုင်ငံတကာ အသိအမှတ်ပြုမှုကို အလုံးစုံမဟုတ်လျှင်ပင် အကြီးအကျယ် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်သော တော်လှန်ရေးပုံစံသစ်များ ပေါ်ထွန်းလာခဲ့သည်။ သို့သော် အကြမ်းဖက်မှုပုံစံသစ်များလည်း အထင်အရှား တိုးပွားလာနေပြီး လူပုဂ္ဂိုလ်များကို လက်တုံ့ ပြန် သတ်ဖြတ်မှုများကြောင့် ကြောက်စိတ်နှင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာလျက်ရှိသည်။

ကိုယ်ပိုင်လွတ်လပ်သော အစိတ်အပိုင်းငယ်လေးများအဖြစ် တစ်စထက်တစ်စ ပြိုကွဲလာနေသော မြန်မာနိုင်ငံအား တစ်နိုင်ငံတည်းအဖြစ် မည်သို့ပြန်လည် စုစည်းပေးနိုင်မည် ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း အဖြေထုတ်နိုင်ခြင်း မရှိပေ။

စစ်ကောင်စီက ထိန်းချုပ်ထားသော ဒေသများ၌ အစိုးရအုပ်ချုပ်မှုယန္တရားကို တွေ့မြင်နိုင်သည်ဟု ဆိုသော်ငြား အလားတူ အုပ်ချုပ်မှုမျိုးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသ၌လည်း မြင်တွေ့နေရသလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် မြို့ကြီးအများအပြား၌ မင်းမဲ့စရိုက် အုပ်စိုးမှုများလည်း လွှမ်းမိုးလာလျက်ရှိသည်။

အများလက်ခံပြီး ထိရောက်သော ဗဟိုအုပ်ချုပ်မှုစနစ် မရှိသည့်အခါ ရပ်ရွာလူထုသည် တာဝန်ယူမှုကင်းမဲ့သော လတ်တလော ဩဇာရှိနေသည့် လူဆိုးလူမိုက်ဂိုဏ်းအဖွဲ့များကို တစ်စထက်တစ်စ ပိုမိုအားကိုးလာကြရသည်။

အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုဆိုင်ရာ အစဉ်အလာနိုင်ငံရေး သီအိုရီရှုထောင့်အရ ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် ကြေကွဲစရာ “ပျက်အစဉ် ပြင်မရ ဂျုံးဂျုံးကျ အကျပ်အတည်း (Humpty-Dumpty Dilemma)” အတွင်း သက်ဆင်း ကျရောက်နေသည် ဟုဆိုနိုင်သည်။

နိုင်ငံတစ်ခုအဖြစ် ပြန်လည်စုစည်းပေးနိုင်မည့် နည်းလမ်း အရိပ်အယောင် အစအနကို မမြင်ရဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေခြင်းဖြစ်သည်။

တစ်ဖက်တွင် စစ်ရေးအရ တိုက်ခိုက်ဖျက်ဆီး၍ အသာစီးရယူပြီး စိုးမိုးအုပ်ချုပ်နိုင်ရန် စစ်ကောင်စီအဖွဲ့က အစွမ်းကုန်ကြိုးပမ်းနေသလို အခြားတစ်ဖက်တွင်လည်း လုံးဝကွဲပြားခြားနားသည့် အစိတ်အပိုင်းများကို ပေါင်းစည်းပေးနိုင်လောက်အောင် အတိုက်အခံ ဒီမိုကရေစီတို့ဖက်တွင် မြေပြင်၌ အလုံအလောက် ခြေကုပ်ယူနိုင်မှုမရှိခြင်း ဟူသော အကျပ်အတည်းအတွင်း မြန်မာနိုင်ငံ ကျရောက်လျက်ရှိသည်။

မြန်မာ့အရေး ပါဝင်ပတ်သက်နေသူအားလုံးသည် ဖြစ်ပေါ်နေသော မျက်မှောက်အခြေအနေ အရပ်ရပ်ကို မှန်ကန်စွာသုံးသပ်နိုင်ရေး မျက်မှန်ပြောင်းပြီး တပ်ကြည့်ရန် အရေးကြီးလှသည်။

ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများသည် ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီ အခြေအနေကထက် ဘက်ပေါင်းစုံမှ ပိုမိုရှုပ်ထွေးလာလျက် ရှိသည်။

ပြဿနာဖြေရှင်းနိုင်မည့် အလားအလာများကို အမှန်တကယ် ထင်ဟပ်စေအောင် ဖြောင့်မတ်မှန်ကန်စွာ ဆွေးနွေးဖော်ထုတ်၍ လက်တွေ့ကျကျ ချဉ်းကပ်မည့်သဘောထားမျိုးကို အလိုရှိကြောင်း ယနေ့တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် အခင်းအကျင်းက တောင်းဆိုလာခဲ့သည်။

သို့ဖြစ်၍ မိမိအားစိန်ခေါ်လာသူ သို့မဟုတ် မိမိနှင့် သဘောထား မကိုက်ညီသူ မည်သူ့ကိုမဆို ရက်စက်စွာ တိုက်ခိုက်လေ့ရှိခဲ့ကြသူ အပေါင်းအနေဖြင့် မိမိ၏ ထောက်ခံအားပေးသူများ အတွင်း အဆိုပါ အယူအဆအမှားကို စွန့်လွှတ်ရန် အရေးတကြီး လိုအပ်လာပြီ ဖြစ်သည်။ နည်းလမ်းသစ်များ တွေ့ရှိစေမည့် လှုပ်သာရှားသာရှိသော အခင်းအကျင်းများကို ဖန်တီးပေးရန် အချိန်ကျ ရောက်လာပြီလည်း ဖြစ်သည်။

၎င်းတို့အနက် အဓိကကျသည့် နည်းလမ်းတစ်ခုမှာ မြန်မာလူထုအတွက် ဘက်စုံထောင့်စုံ မျက်နှာစာပေါင်းစုံ ချဉ်းကပ်မှုဖြင့် အကူအညီ ပေးအပ်ခြင်း ဖြစ်သည်။ လူသားချင်းစာနာမှု အခြေခံမူများကို လိုက်နာသည့် သမရိုးကျ အကူအညီ ပေးအပ်ခြင်းသည် အမှန်တကယ် လိုအပ်နေသူများအနက် ၂၀ ရာခိုင်နှုန်း ထက်မကျော်သော လူနည်းစုအတွက်သာ လက်လှမ်းမီနိုင်ကြောင်း သိရှိနားလည်ထားရန် လိုအပ်သည်။

ကျန်ရှိနေသော လူများစုအတွက်မူ တိုင်းရင်းသား အစိုးရများနှင့် ဒေသခံလူထု အဖွဲ့အစည်း များမှတစ်ဆင့် အကူအညီများကို တိုက်ရိုက်ပေးအပ်နိုင်သည်။ သို့သော် ထိုသို့အကူအညီ ပေးအပ်နိုင်ရေး အရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသား နှင့် ဒေသခံလူထု အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ နိုင်ငံရေးအရ ပိုမိုစွန့်စားရမည့်အချက်ကို လက်ခံရမည်ဖြစ်သလို ပို၍အရေးကြီးသည်မှာ ရလဒ်ဗဟိုပြု ရန်ပုံငွေထောက်ပံ့နေခြင်းမှ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များအတွက် ထောက်ပံ့ကူညီမှုအဖြစ် ရပ်တည်ချက် သဘောထားပြောင်းလဲ ဆောင်ရွက်ရမည့် အချက်ဖြစ်သည်။

သို့ဖြစ်လျှင် အဆိုပါအပြောင်းအလဲ၌ ကမ္ဘာ့ကုလသမဂ္ဂက အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်မည်လားဟု မေးခွန်းထုတ်စရာရှိလာသည်။ ကုလသမဂ္ဂသည် မြန်မာ့အရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည့် အနေအထားတွင် ရှိနေသော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် ၎င်းသည် မအောင်မမြင် ဖြစ်နေဆဲပင်။

ကုလသမဂ္ဂ၏ မအောင်မြင်သော လုပ်ငန်းများကို အထွေထွေ အတွင်းရေးမှူးချုပ်ရာထူး သက်တမ်းနှစ်ဆက်တိုင်အောင် သုံးသပ်ဆန်းစစ်နေခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုနှစ်ခု (သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂလုပ်ငန်းများအတွက် အထွေထွေ အတွင်းရေးမှူးချုပ်၏ ဌာနတွင်း သုံးသပ်ရေးအဖွဲ့ အစီရင်ခံစာနှင့် ၂၀၁၀မှ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ ပါဝင်ပတ်သက်မှုများအတွက် အကျဉ်းရုံး လွတ်လပ်သော စုံစမ်းမေးမြန်းမှု)အရ တူညီသော အလုပ်မဖြစ်မှုများကိုသာ အဓိကဖော်ထုတ် တွေ့ရှိရသည်။

၁၀နှစ်ကျော်ကြာမြင့်ခဲ့သည့် ယနေ့အချိန်တွင်လည်း သီရိလင်္ကာနှင့် မြန်မာနှစ်နိုင်ငံစလုံးတွင် ကုလသမဂ္ဂ လုပ်ငန်းများမှာ မအောင်မမြင် ဖြစ်နေဆဲဟု ကောက်ချက်ဆွဲရလိမ့်မည် ဖြစ်သည်။

အားလုံးလက်ခံသည့် ဗျူဟာတစ်ရပ်ကို ချမှတ်နိုင်စွမ်း မရှိခြင်းက ကုလသမဂ္ဂအဖွဲ့အစည်းသည် မည်သည့်အခါကမျှ မိမိစွမ်းအားပြည့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ညွှန်ပြနေပြီး အကျိုးဆက်အဖြစ် မိမိအလုပ်ကျွေးပြုရမည့် အများပြည်သူကို အစွန့်ပစ်ခံဘဝသို့ ရောက်ရှိသွားစေခဲ့သည်။

ကုလသမဂ္ဂတွင် မြန်မာ့အရေး အားလုံးညီညွတ်သည့် ဗျူဟာတစ်ရပ် ကင်းမဲ့နေခြင်းကြောင့် လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ဂယက်ရိုက်မှုများရှိခဲ့ပြီး ကုလသမဂ္ဂ၏ လုပ်ငန်းစီမံချက် တစ်ခုချင်းအပေါ် နားလည်မှု ကင်းမဲ့လာကြသလို အပြင်းအထန်ဝေဖန်မှုများနှင့်လည်း ရင်ဆိုင် ကြုံတွေ့လာရသည်။

မြန်မာနိုင်ငံအတွင်း၌ လုပ်ငန်းလုပ်ကိုင်နေသော ကုလသမဂ္ဂကို စစ်ကောင်စီနှင့် ကြံရာပါအဖွဲ့ဟု ရှုမြင်နေကြသည်။ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ယုံကြည်မှု ကင်းမဲ့နေခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား သူ၏စွမ်းဆောင်အောင်မြင်မှုကို အခြေခံ၍ စီစစ်သုံးသပ်ရမည့်အစား စစ်ကောင်စီ အကြီးတန်းခေါင်းဆောင်များနှင့် သူကတွေ့ဆုံဆွေးနွေးခဲ့သည့် သာမန်အချက်ကလေး အပေါ်တွင်သာ အလေးပေး၍ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်လာရသည်။

နယူးယောက်ရှိ ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းကလည်း ခေါင်းဆောင်မှု အပြည့်အဝ မပေးနိုင်ကြ သို့မဟုတ် ခေါင်းဆောင်မှုအပြည့်အဝ ပေးရန် လိုလားခြင်းမရှိကြပေ။ ကုလသမဂ္ဂသည် မိမိလုပ်ငန်းများကို အမှန်တကယ် ထိရောက်မှုရှိအောင် စနစ်တကျ ဆောင်ရွက်ရလိမ့်မည် ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ တည်ရှိနေရခြင်း၏ အဓိပ္ပာယ်ကို မြန်မာပြည်သူများနှင့် ကုလသမဂ္ဂမှ မြန်မာဝန်ထမ်းများက အမှန်တကယ် နားလည် သဘောပေါက်လာစေအောင် အလုပ်ဖြင့် သက်သေပြရန် လိုအပ်လာနေပြီဖြစ်သည်။

(Bangkok Post ပါ Charles Petrie ၏ “Confronting Tragic Fragmentation “ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ချားလ်စ် ပက်ထရီသည် မြန်မာငြိမ်းချမ်းရေး အကူအညီ အစီအစဉ်မှ ညှိနှိုင်းရေးမှူးဟောင်းတစ်ဦးနှင့် ကုလသမဂ္ဂ လက်ထောက်အထွေအထွေ အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကာ “သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂ၏ ကျရှုံးမှုအကြောင်း ဌာနတွင်းသုံးသပ်မှု” စာတမ်းကို ရေးသားပြုစုခဲ့သူဖြစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article