36 C
Yangon

ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ ဒေသရှိ အကြမ်းဖက် စစ်တပ်၏ နယ်စပ်စခန်းကုန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စခန်းကုန်းကို KNLA နှင့် PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာစဥ် မြိတ်/ကော့သောင်းခရိုင် အခြေစိုက် အကြမ်းဖက် စစ်တပ် တပ်ရင်းများက လေညာတပ်ရင်းမှ တဆင့် လေညာ ရတနာပုံ လမ်းအတိုင်း ယာဥ်တန်းများ၊ ခြေလျင်စစ်ကြောင်းများဖြင့် စစ်ကူဝင်လာခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းတလျှောက် အသင့်စောင့်ကြိုနေသော ဒေသခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့၏ လမ်းကင်းအဖွဲ့ အသီးသီးမှ မိုင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းတလျှောက် နေရာအနှံအပြားတွင် ထိတွေ့တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ရင်း (၂၀၃) ၊ ပြည့်သူ့ကာကွယ်ရေးတပ် တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းနှင့် Flying Star Force (ဘပ ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ RPG ၁ လက်၊ MA 1 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ် ရေဖြူရွာအလွန် ထုံခါးရွာသင်္ချိုင်းအနီး ဒီဇင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီဝင်နှင့် တော်လှန်ရေးရဲဘော်များ အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေကာ ၁၈ ဦး အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း KNLA – Tcsjf က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“သေတာက ၅ ယောက်ပါ။ ၁၈ ယောက်က အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။ အသက်ရှင်ဖို့တော့ အခြေအနေမရှိတော့ပါဘူး” ဟု KNLA- Tcsjf မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော်ခန့်ပါ စစ်ယာဉ်တန်းကို KNLA – Tcsjf တပ်ဖွဲ့မှ အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း MBTT အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများကို ကျောက်ရစ်နှင့် သရက်သာ အကြားအရောက်တွင် မြောင်ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article