34 C
Yangon

မင်းအောင်လှိုင်က လျှပ်စစ်မီးချွေတာရမည်ဟု ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ၂၄ နာရီပါး မီးပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီး ချွေတာရမည်ဟု စစ်ကောင်စီ အစည်း အဝေးတွင် ထုတ် ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများ ၂၄ နာရီနီးပါး ပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ကြီးမားလာနိုင်၍ အလေ အလွင့် ဖြစ် စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း၊ ချွေတာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်

ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နယ်မြို့ကြီးများနှင့် မြို့နယ်အများစုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက် ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။

“မနက်လည်း မီးက ပြတ်တယ်။ ညလည်းမီးက ပြတ်တယ်။ ဘယ်အချိန်လာတာလဲမသိဘူး။ မနက် ဆိုရင် ၁ နာရီ လောက်လာပြီး ၅ နာရီလောက်ပြတ်သွားတယ်။ ညဆိုရင်လည်း ည ၁၀ နာရီလောက် ကပြတ်တာ မနက် ၈ နာရီ အထိ မလာဘူး။ အထပ်မြင့်တိုက်ဆိုတော့ ရေလည်းမရဘူး။ မအလ ပေးတဲ့ ဒုက္ခတွေ ပြည်သူတွေ ခါးစည်းခံနေရတယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ ဧရာ၀တီတိုင်းတို့တွင်လည်း မီးများ ပြတ် တောက်မှု အခြေအနေ ဆိုးဝါးလာကြောင်း သိရှိရသည်။

“မီးကတော့ မလာတာများတယ်။ ညပိုင်းလေးတွေ ခဏလာတာမျိုးပဲရှိတယ်။ နေ့လည်း တြပ်တယ်။ ညလည်း ပြတ် တယ်။ အမြဲပြတ် ။ မီးလာတဲ့အချိန်က တစ်နေ့မှာ ၂၄ နာရှိရရင် နာရီ ၂၀ ကျော် လောက် မီးပြတ်နေတာ” ဟု မန္တလေး ဒေသခံတစ်ဦးကလည်းပြောဆိုသည်။

ယခုကာလသည် ဆောင်းတွင်းဟုဆိုသော်လည်း ညအချိန် အမြဲလိုလို ရာသီဥတု ပူအိုက်နေသဖြင့် မြို့ပြ ပြည်သူများမှာ မီးပြတ်ချိန် အတိဒုက္ခရောက်ကြပြီး ရေလည်း မရရှိကြောင်း သိရှိရသည်။

“ရေသန့် ၂၀ လီတာ ဗူးကြီးတွေပဲ ဗူး ၂၀ ၊ ၃၀ မှာပြီး သုံးနေရတယ်။ ဂျိုးဖြူရတဲ့အချိန် မီးကမလာ၊ အဝီစိရေကလည်း မီးလာချိန် ၀ိုင်းပြီး ရေတင်ကြတော့ ရေကြောခမ်းတယ်ထင်ပါတယ်။ အတော် အဆင်မပြေဘူး။ နယ်မှာ အိမ်မီးရှို့ခံနေရပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့စာရင်တော့ ကျနော်တို့ ဒုက္ခက အဲဒီလောက်မဟုတ်ပါဘူး” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ထုတ် ဖော်ပြောဆိုနေပြီး ယခုလည်း ထပ်မံ၍ ၎င်း၏ အိပ်မက်ကို ယမန်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားပြန်သည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်း မီးပြတ်နေသော မြို့နယ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article