30 C
Yangon

မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များမှတစ်ဆင့် ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောလမ်းကြောင်း

Must read

By Billy Ford & Ye Myo Hein

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသော အတိုက်အခံများအကြား အကြွင်းမဲ့စည်းလုံးညီညွတ်မှု ရရှိရေးမှာ လက်တွေ့မကျသလို အသင့်တော်ဆုံး အဖြေတစ်ရပ်မဟုတ်ဘဲ ၎င်းတို့အချင်းချင်း ပိုမိုညှိနှိုင်း၍ ပိုမိုညှိနှိုင်းဆောင်ရွက်မှုများက တော်လှန်ရေးအောင်ပွဲအတွက် အခြေခံအကျဆုံး ဖြစ်နေသည်။

စစ်မြေပြင်၌ မြန်မာတော်လှန်ရေးတပ်ဖွဲ့များ ပိုမိုခြေကုပ်ယူလာနိုင်သည့် အချိန်မှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းအများအပြားက မြန်မာ့အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို အစိတ်စိတ်အမွှာမွှာနှင့် စုစည်းမှုမရှိသည့် တော်လှန်ရေးအဖြစ် ရှုမြင်နေကြဆဲဖြစ်သည်။

အဆိုပါအမြင်များကြောင့် အချို့က လက်မြှောက်အရှုံးပေးကာ ပဋိပက္ခနှင့် ခပ်ကင်းကင်း နေလာကြသလို အချို့ကလည်း တည်ငြိမ်မှု ပြန်လည်တည်ဆောက်ရေး နည်းလမ်းအဖြစ် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်သင့်ခံရန် စဉ်းစားလာခဲ့ကြသည်။ သို့သော် ၎င်းအမြင်နှင့် ကောက်ချက်ဆွဲမှုများသည် မှားယွင်းသော အယူအဆများဖြစ်သည်။

တည်ငြိမ်မှုရှိသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးကို ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထား စဉ်းစားမည်ဆိုလျှင် ဝိုင်းဝန်းပြစ်တင်ခံနေရပြီး လူမျိုးတုန်း သတ်ဖြတ်လျက်ရှိသော တရားမဝင်သည့် စစ်ကောင်စီက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု နုံအပြီး အမျှော်အမြင်မရှိသော မျှော်လင့်ချက်ကို စွန့်လွှတ်ရလိမ့်မည် ဖြစ်သည်။

ထိုသို့ မျှော်လင့်နေမည့်အစား စိန်ခေါ်မှုများရှိနေသော်ငြား တည်ငြိမ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိမည့် တော်လှန်ရေးအဖွဲ့များ၏ စေ့စပ်ဆွေးနွေးမှုများအတွက် ကူညီထောက်ပံ့ရေးလမ်းကြောင်းကို အကြီးအကျယ် တိုးမြှင့်ပေးရလိမ့်မည်ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးကွဲမှုနှင့် နပန်းလုံးနေရသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသည်မှာ စစ်တပ်ကိုအနိုင်ယူ၍ စစ်ကောင်စီကို ဖြုတ်ချရန်ဟူသော ရည်မှန်းချက်မှာမူ ကွဲပြားနေသောအဖွဲ့အားလုံးကို ပေါင်းစည်းပေးထားသည့် ဘုံရည်မှန်းချက် ဖြစ်နေသည့်အချက် ဖြစ်သည်။ ထို့အပြင် ခေတ်အဆက်ဆက် သမိုင်းနှင့်ချီ၍ မညီမညွတ်ဖြစ်နေခဲ့သော အုပ်စုများအကြား တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ပူးပေါင်းမှု၊ ညှိနှိုင်းမှု၊ ဆွေးနွေးမှုများကို ဤပေါင်းစည်းမှု ဘုံရည်မှန်းချက်က တံခါးဖွင့်ပေးခဲ့ပြန်သည်။

တော်လှန်ရေးအဖွဲ့များအတွင်း စေ့စပ်ဆွေးနွေးပွဲများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် တိုးတက်မှုရရှိနေခဲ့ပြီး မြန်မာ့သမိုင်း၌ အကျယ်ပြန့်ဆုံးနှင့် အဖွဲ့မျိုးစုံ ပါဝင်မှုအများဆုံး အစိုးရအဖွဲ့အစည်းများ (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ) ကိုတည်ထောင်နိုင်ခဲ့သလို ဒီမိုကရေစီအကျဆုံးနှင့် ညီညွတ်မျှတမှု အရှိဆုံးသော နိုင်ငံရေးလမ်းပြမြေပုံ (ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်-FDC) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေကို တိုင်းပြည်နယ်နိမိတ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများကိုလည်း ယင်းစေ့စပ်ဆွေးနွေးမှုများကပင် ပေါင်းစပ်ဖော်ဆောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ အောင်မြင်မှုများ ရှိနေလင့်ကစား နိုင်ငံရေးဂိုဏ်းဂဏကွဲမှုများနှင့် သမိုင်းကြောင်းရှည်သော နာကျည်းမှု၊ မယုံသင်္ကာဖြစ်မှုများကြောင့် စေ့စပ်ဆွေးနွေးမှုပလက်ဖောင်းများ၊ အထူးသဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) လမ်းကြောင်းသည် ထိရောက်မှုမရှိဘဲ နှေးကွေးလေးလံနေသည်ဟု အများအပြား ယူဆနေကြသည်။

အလားတူပင် FDC ၌ တိုင်းပြည်တည်ငြိမ်ရေးအတွက် လမ်းပြမြေပုံပါရှိသော်ငြားလည်း ယုံကြည်စိတ်ချရသော လမ်းကြောင်းဖြစ်စေရေး NUCC ၏ အပြင်ဘက်တွင် လုံလောက်သော ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ကင်းမဲ့နေသည်ဟု ရှုမြင်လျက်ရှိသည်။

တစ်ဖက်မှကြည့်လျှင် ချဲ့ကားပြောဆိုမှုတချို့ရှိလင့်ကစား ၎င်းဝေဖန်မှုများက နိုင်ငံတကာ ထောက်ခံမှုရရှိပြီး စစ်ကောင်စီကို အနိုင်ယူနိုင်လောက်သည့် ညီညွတ်မှုအဆင့်မျိုးသို့ ရောက်ရှိရန် အတိုက်အခံတို့ မျှော်လင့်ထားပါက ယခုထက် ပို၍စည်းလုံးမှုရှိရန် လိုအပ်ကြောင်း ထောက်ပြလျက် ရှိသည်။

ဤစိန်ခေါ်မှုများကိုကျော်လွှားနိုင်မည်ဆိုလျှင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်မှုနှင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားအောင် လှုံ့ဆော်ပေးရန် သေချာနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလမ်းကြောင်းကို ငြင်းပယ်ကာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အခြား ရွေးချယ်စရာ နည်းလမ်းတစ်ခုခုဆီ ဦးတည်လာစေအောင် ကူညီပေးနိုင်မည်လည်း ဖြစ်သည်။

ယနေ့အချိန်အထိ အလားအလာအရှိဆုံး ပလက်ဖောင်းများမှာ စစ်ရေးမဟာဗျူဟာနှင့် ပြည်နယ်/တိုင်း အဆင့်အုပ်ချုပ်မှုကို ပေါင်းစပ်ညှိနှိုင်းပေးနေသည့် စနစ်များဖြစ်သည်။ ယင်းကောင်စီများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် ပါဝင်မည့် ပြည်နယ်/တိုင်း အဆင့် အဖွဲ့အစည်းအမည်များ၊ အရေအတွက်များစသည့် အငြင်းအခုန်ဖြစ်စရာ နိုင်ငံရေးအစီအစဉ် အသေးစိတ်ထက် စစ်ကောင်စီကို အနိုင်ယူရေး၊ စစ်တပ်၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရသော ရပ်ရွာများကို ကူညီရေးစသည့် တူညီဆန္ဒများကိုသာ ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါ ပလက်ဖောင်းများမှတစ်ဆင့် သမိုင်းကြောင်းတစ်လျှောက် ရန်သူဖြစ်နေခဲ့သော အဖွဲ့များအကြား ယုံကြည်မှုကို တည်ဆောက်ရယူနိုင်မည်ဖြစ်ရာ တိုင်းပြည်အနာဂတ်၏ ပိုမိုခက်ခဲသော ဆွေးနွေးမှုများအတွက် လှုပ်သာရှားသာ အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ထိုအခါ တော်လှန်ရေးအုပ်စုများသည် အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို သတ်မှတ်ပေးမည့် ယေဘုယျအခြေခံမူများကို နောက်တစ်ဆင့်၌ စတင်ဆွေးနွေးလာနိုင်ကြပေမည်။ ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံပေါ်ထွန်းလာရေးကို ပါဝင်ကူညီလိုသည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် တော်လှန်ရေးအင်အားစုများ၏ အဆိုပါအားထုတ်မှုများအတွက် အကူအညီများ ပိုမိုပေးအပ်ရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေများကို NUG သမ္မတက ယခုရက်သတ္တပတ်အတွင်း ပထမဦးဆုံး အကြိမ်ချပြလာသည့် ယခုအချိန်အခါမျိုး၌ ပိုမို ကူညီရမည်ဖြစ်သည်။

စည်းလုံးမှု တိုးတက်လာခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီး မကြာမီတိုင်းရင်းသားလူနည်းစုနှင့် ဗမာ ခေါင်းဆောင်များသည် ဆက်လက်ဖြစ်ပေါ်လာသည့် တစ်တိုင်းပြည်လုံး ဆူပူအုံကြွမှုကြီးမှနေ၍ နိုင်ငံ၏ သမိုင်းတစ်လျှောက် သွေးကွဲနေခဲ့သော အသိုင်းအဝန်းများအကြား ယုံကြည်မှု ခိုင်မာအားကောင်းလာ အောင် ဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့မြင်ခဲ့ကြသည်။ “နှစ် ၇၀ ကျော်လာပြီဖြစ်သော တော်လှန်ရေး ကာလတစ်လျှောက် ဤမျှ ကြီးမားသည့်အခွင့်အရေးကို မတွေ့မြင်ဖူးသေးပါ။

စစ်အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရေး ကျွန်တော်တို့အားလုံး ညီညွတ်ကြပါစို့” ဟု ၁၉၄၀ပြည့်လွန် နှောင်းပိုင်းနှစ်များကတည်းက စစ်တပ်ကို တော်လှန်တိုက်ခိုက်နေခဲ့သော ထင်ရှားသည့် ကရင်တိုင်းရင်းသာအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဘောကျော်ဟေး၏ အိတ်ဖွင့်ပေးစာတစ်စောင်တွင် ရေးသားဖော်ပြထားသည်။

အစောပိုင်းဆူပူမှုများသည် အထိန်းသိမ်းခံ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရေး၊ အာဏာမသိမ်းမီက စနစ်သို့ပြန်သွားရေး ဟူသောအချက်များကို ဦးတည်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးစနစ်တစ်ခုလုံး ပြောင်းလဲပစ်ရန်အတွက်ပါ လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခဲ့ကြသည်။

ထိုအချိန်မှစတင်၍ နိုင်ငံရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဖြင့် အောက်ပါ အဖွဲ့အစည်းမျိုးစုံနှင့် စေ့စပ်ဆွေးနွေးမှု ပလက်ဖောင်းအဖုံဖုံပေါ်ထွန်းလာခဲ့သည်-

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ။ NUGကို ဖြုတ်ချခံ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ လွှတ်တော်အမတ်များဖြင့် အဓိကဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO) ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် တော်လှန်ရေး ခေါင်းဆောင်များလည်း ပါဝင်ကြသည်။ သမ္မတနှင့် ဝန်ကြီးချုပ်ရာထူးနေရာများ၌ တိုင်းရင်သား လူနည်းစုများကို ခန့်အပ်ထားသဖြင့် NUG သည် မြန်မာ့သမိုင်းတွင် ဖွဲ့စည်းဖူးသမျှတွင် မတူကွဲပြားသော အဖွဲ့မျိုးစုံပါဝင်မှု အများဆုံး အုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာသည်။ သို့သော် ၎င်းအဖွဲ့သည် NLD ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် အလွန်တူညီနေသည်ဟု အချို့က ရှုမြင်ကြသည်။ NUG သည် အဖွဲ့အစည်းတစ်ခုသာဖြစ်သော်လည်း အဖွဲ့၏အရွယ်အစားနှင့် မတူညီသောအဖွဲ့မျိုးစုံပါဝင်မှုတို့ကြောင့် ၎င်းသည် မြန်မာ့အနာဂတ်၏ အရေးအကြီးဆုံးနှင့် အငြင်းပွားစရာ အရှိဆုံး ဆွေးနွေးပွဲအများအပြားကို လက်ခံကျင်းပနိုင်လျက်ရှိသည်။

NUGမဟာမိတ်ကော်မတီ ။ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ပိုမိုချိတ်ဆက်ပူးပေါင်းရန် လိုအပ်သဖြင့် NUG သည် ပင်မလုပ်ငန်းအဖြစ် ERO များနှင့် ချိတ်ဆက်ရေးအပြင် တော်လှန်ရေး အုပ်စုများအကြား မဟာမိတ်ပြုရေးကို တိုးချဲ့ဆောင်ရွက်မည့် မဟာမိတ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ မဟာမိတ်ကော်မတီသည် ERO များ၊ အထူးသဖြင့် ရက္ခိုင့်တပ်မတော်(AA) ကဲ့သို့ မဟာမိတ်မပြုထားသော အုပ်စုများ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ERO များ၊ အခြားတိုင်းရင်းသား လူနည်းစု နိုင်ငံရေးအင်အားစုများနှင့်ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်း ERO အဖွဲ့၊ AA တို့နှင့် ဆက်သွယ်မှုများကို NUG က ပုံမှန်ဆောင်ရွက်လာနိုင်ခြင်းက အဆိုပါအားထုတ်ကြိုးပမ်းမှုများမှာ အထိုက်အလျောက် ထိရောက်မှုရှိကြောင်း သက်သေထူလျက်ရှိသည်။ အများပြည်သူ၏ အာရုံစိုက်ခံရမှု မရှိသလောက်ဖြစ်သော်လည်း မဟာမိတ်ကော်မတီသည် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NUG တို့အကြား ချိတ်ဆက်ပူးပေါင်းမှုအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခုပင် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ။ NUCC တွင် NUG ကိုယ်စားလှယ်များ၊ ဖြုတ်ချခံခဲ့ရသော ရွေးကောက်ခံဥပဒေပြု လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးနှင့် အရပ်ဖက်အဖွဲ့ များ၊ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုနှင့် တက်ကြွလှုပ်ရှားသူကွန်ရက်များ၊ တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီများနှင့် ERO များပါဝင်ကြသည်။ NUCC၏ တာဝန်မှာ ကြားကာလ မြန်မာနိုင်ငံနှင့် ပဋိပက္ခအပြီး မြန်မာနိုင်ငံတို့အတွက် မူဝါဒနှင့် အုပ်ချုပ်ရေးမူဘောင်များ ရေးဆွဲသတ်မှတ်ပေးရန် ဖြစ်သည်။ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်နှေးကွေးခြင်း၊ တရားဝင်မှု မသေချာမရေရာခြင်း၊ အဓိက အဖွဲ့ဝင်များအကြား ယုံကြည်မှုမရှိခြင်း၊ အင်အားကြီးသော အုပ်စုများမပါဝင်ခြင်းစသည့် စိန်ခေါ်မှုများက NUCC ၏လုပ်ငန်းများကို ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ သို့သော် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ နိုင်ငံရေးမျှော်မှန်းချက်အတွက် ဆောင်ရွက်နေသော အဓိက ပလက်ဖောင်းတစ်ခုဖြစ်သဖြင့် NUCC သည် အဆုံးရှုံးမခံနိုင်လောက်အောင် အရေးပါလျက်ရှိသည်။

စစ်ရေးပေါင်းစပ်ညှိနှိုင်းမှုပလက်ဖောင်းများ ။ သမိုင်းတစ်လျှောက် စိတ်ဝမ်းကွဲနေခဲ့သော အုပ်စုများအား စစ်ကောင်စီကို အနိုင်ယူရေးဟူသည့် ဘုံရည်မှန်းချက်ဖြင့် စုစည်းပေးထားသော စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee(C3C)) နှင့် ပူးတွဲစစ်ရေးအဖွဲ့ (Joint Command and Coordination (J2C)) ဟု အမည်ရသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဓိက ပလက်ဖောင်းနှစ်ခုကို NUG နှင့် ၎င်း၏မဟာမိတ် ERO များကဖွဲ့စည်းခဲ့သည်။ C3C တွင် NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ ပါဝင်သည်။ J2C သည် NUG နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ပါဝင်သော ပူးတွဲကော်မတီ ဖြစ်သည်။ NUG သည် မြောက်ပိုင်းရှိ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ဆက်ဆံရေးကို တိုးမြှင့်၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအတွင်း ၎င်းတို့ကို ထည့်သွင်းနိုင်ပါက အဆုံးအဖြတ်ပေးမည့် စစ်ရေးချိန်ခွင်လျှာသည် တော်လှန်ရေးအင်အားစုများဖက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ ထို့အပြင် အဖွဲ့များအကြား ယုံကြည်မှုပိုမိုနက်ရှိုင်းကြီးမားလာအောင် အထောက်အကူ ပြုစေနိုင်သလို ယင်းမှတစ်ဖန် ပို၍အနှစ်သာရရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ထွန်းလာစေနိုင်မည်လည်း ဖြစ်သည်။

ပြည်နယ်နှင့်ဒေသအဆင့်အုပ်ချုပ်မှုအဖွဲ့များ ။ စစ်ကောင်စီကို တိုက်ခိုက်ရင်း နယ်မြေများ ရရှိလာသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်နယ်နှင့်ဒေသအဆင့်၌ အုပ်ချုပ်မှုစနစ်အသစ်များ တည်ထောင်လာကြသည်။ ယင်းအဖွဲ့အစည်းများမှာ ပုံသဏ္ဍာန်မျိုးစုံဖြစ်နေသော်လည်း ကရင်နီဒေသရှိ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ချင်းဒေသရှိ ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီကဲ့သို့ အဖွဲ့များသည် ရှုပ်ထွေးသော အုပ်ချုပ်မှုကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အရပ်သားနှင့် လက်နက်ကိုင်အဖွဲ့ များအပါအဝင် သက်ဆိုင်သူအမျိုးမျိုးအတွက် အရေးပါသောပလက်ဖောင်းများ ဖြစ်လာကြသည်။ ဆွေးနွေးပွဲများသည် ယုံကြည်မှုတည်ဆောက်ရန်အပြင် အနာဂတ်စံပြ ဖက်ဒရယ်အုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်အတွက် စမ်းသပ်ဆောင်ရွက်ရန် အခွင့်အလမ်းများပင် ဖြစ်သည်။

ပန်းတိုင်သည် ညီညွတ်ရေးမဟုတ်

ဤနောက်ခံအခြေအနေများ၌ စည်းလုံးညီညွတ်ရေးသည် လက်တွေ့မကျသလို အကောင်းဆုံး ရည်မှန်းချက်လည်း မဟုတ်ပေ။ မြန်မာနိုင်ငံ၌ USIP အကူအညီဖြင့် ဆောင်ရွက်ခဲ့သော သုတေသန တစ်ခုအရ “စည်းလုံးညီညွတ်မှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်မှာ လက်တွေ့အားဖြင့် မည်သူမည်ဝါ ဟူသည့် သတ်မှတ်ချက်ကိုဖြိုချ၍ မတူကွဲပြားမှုများကို ဖျောက်ဖျက်ပစ်ရန် သွယ်ဝိုက်ရည်ရွယ်သည်ဟု ပင် ကဲ့ရဲ့ပြစ်တင်ခံနေရကြောင်း တွေ့ရှိရသည်။

သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗမာအာဏာပိုင်များသည် အထက်အောက် ထိန်းချုပ်မှုကို ကိုယ်စားပြုနိုင်ရေးအတွက် စည်းလုံးညီညွတ်ကြရန် ဆော်ဩလေ့ရှိသလို ဂိုဏ်းဂဏ ကွဲပြားမှု များပြားနေသော နိုင်ငံတွင် ဗမာစစ်တပ်ကြောင့် တစ်စုတစ်စည်းတည်း ညီညွတ်လာရသည် ဟူသော ဒဏ္ဍာရီကို နိုင်ငံရေး၌ စစ်တပ်၏ လွှမ်းမိုးခြယ်လှယ်မှုအတွက် အကြောင်းပြချက်အဖြစ် အစဉ်အဆက် အသုံးချခဲ့ကြသည်။ သို့ဖြစ်၍ အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုသည်ကို ဗမာကြီးစိုးမှု လက်အောက်သို့ အတင်းအကြပ် သွတ်သွင်းခြင်းဟူ၍သာ တိုင်းရင်းသားလူနည်းစုများက သဘောပေါက် နားလည်လျက်ရှိသည်။

ဤတော်လှန်ရေး၌ မတူကွဲပြားသော အကျုံးဝင်သက်ဆိုင်သူမျိုးစုံ ပါဝင်နေသည့်အချက်မှာ တော်လှန်ရေးကြံ့ကြံ့ခံနိုင်မှု၏ သော့ချက်ဖြစ်ကြောင်း သုတေသီများနှင့် တွေ့ဆုံမေးမြန်းခဲ့သူများက အလေးအနက်ပြောဆိုသည်။

“စစ်တပ်ကို အနိုင်တိုက်နိုင်အောင် စည်းလုံးညီညွတ်ဖို့ လိုတယ်ဆိုတာ အသုံးမဝင်တော့တဲ့ ရှေးစကား ဖြစ်သွားပြီ” ဟု တစ်ဦးကထောက်ပြသည်။ ထိုသို့ စည်းလုံးညီညွတ်ကြမည့်အစား တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသား မျိုးနွယ်တစ်ခုချင်းစီသည် မိမိကိုယ်ပိုင်သမိုင်းကြောင်းနှင့် ကိုယ်ပိုင်တန်ဖိုးအသီးသီး ကိုယ်စီကိုငှ ရှိနေကြောင်း အသိအမှတ်ပြုလက်ခံရလိမ့်မည်ဟု တွေ့ဆုံ မေးမြန်းခဲ့သူ အဆိုပါအမျိုးသမီးနှင့် အခြားပုဂ္ဂိုလ်များက ဆိုသည်။ လိုအပ်နေသည့်အရာမှာ အကြွင်းမဲ့ စည်းလုံးညီညွတ်ရေး မဟုတ်ဘဲ ဒီမိုကရေစီစနစ်တစ်ခုအတွက် အခြေခံကျကျ စိန်ခေါ်မှုဖြစ်သော မတူကွဲပြားမှုများကို ကိုယ်တွယ်စီမံမည့် တရားမျှတသော စနစ်တစ်ခုသာဖြစ်ကြောင်း သူက ပြောကြားသည်။

သို့ဖြစ်၍ နာမည်ပျက်နေသော စည်းလုံးညီညွတ်မှု ဝေါဟာရထောင်ချောက်ထဲ၌ ချောင်ပိတ်မိနေမည့်အစား စစ်ကောင်စီ ဆန့်ကျင်ရေးအုပ်စုများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုများမှ တစ်ဆင့် ယုံကြည်မှုကို အကောင်းဆုံးတည်ဆောက်ရယူကာ အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ၏ အခြေခံအုတ်မြစ်ဖြစ်သော ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုရှိစေမည့် မူဘောင်နှင့် အခြေခံမူများကို ချမှတ်နိုင်ရေး ကြိုးပမ်းသင့်ကြသည်။

အစီအစဉ်တကျ ဆောင်ရွက်မှုနှင့် အကူအညီ

အာဏာသိမ်းစစ်ကောင်စီသည် တည်ငြိမ်ရေးလမ်းကြောင်းကို ပေးအပ်နိုင်ခြင်းမရှိပါ။ ၎င်းတို့တွင် လူထုထောက်ခံမှုလည်း လုံးဝကင်းမဲ့နေသည်။ မြန်မာ့နယ်နိမိတ်၏ လေးပုံတစ်ပုံထက်နည်းသော နယ်မြေများကိုသာ ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ အောင်ပွဲခံနိုင်မည့် အလားအလာလည်း မရှိပေ။ တစ်ဖက်တွင်မူ တော်လှန်ရေးအင်အားစုများ၌ စစ်တပ်တွင်မရှိသော အထက်ပါအခြေအနေ အားလုံးနှင့် ပြည့်စုံလျက်ရှိသည်။ တော်လှန်ရေးအင်အားစုများကို ကူညီခြင်းသည် ရိုးရှင်းသော လမ်းကြောင်းတစ်ခု မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသည်။ တော်လှန်ရေးအဖွဲ့များနှင့် ၎င်းတို့၏ထောက်ခံသူများသည် အောက်ပါအတိုင်း အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နိုင်သည်-

၁။ C3C ၊ J2C နှင့် လက်ရှိ နှစ်ဦးနှစ်ဖက်ပေါင်းစပ်ညှိနှိုင်းမှုများ၌ အကျုံးဝင်နေသော အခြားအဖွဲ့မှ အဖွဲ့ဝင်များပါဝင်သည့် တစ်ခုတည်းသော ပလက်ဖောင်းအောက်၌ စစ်ရေးညှိနှိုင်းမှုများ တိုးမြှင့် ဆောင်ရွက်ရင်း တစ်ပြိုင်တည်းမှာပင် ဒေသအုပ်ချုပ်ရေးနှင့်လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ကိစ္စများ၌ ပေါင်းစပ်ညှိနှိုင်းမှုများ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

၂။ တော်လှန်ရေးအုပ်စုအမျိုးမျိုး၊ အထူးသဖြင့် NUCC ၏ အပြင်ဖက်တွင်ရှိနေပြီး ၎င်းတို့၏ အနာဂတ် အလားအလာနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၌ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသူများ၏ အဓိကအခြေခံမူများ၊ တန်ဖိုးများနှင့် အကျိုးစီးပွားများအတွက် နှစ်ဖက်ဆွေးနွေးပွဲ အများအပြားကို ကျင်းပရမည် ဖြစ်သည်။

၃။ စစ်ရေးပူးပေါင်းမှုနှင့် အခြားနားလည်မှုများမှ ပေါက်ဖွားလာသည့် ယုံကြည်မှုကို တည်ဆောက် မွေးမြူရင်း တော်လှန်ရေးအုပ်စုများသည် အနာဂတ်စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံမူနှင့်တန်ဖိုးများအပေါ် သဘောတူညီမှုရရှိရေး ကြိုးပမ်းရန် လိုအပ်သည်။ FDC အပိုင်း (၁)၌ ဖော်ပြထားသောအခြေခံမူများသည် ဤဆွေးနွေးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မိမိအပိုင်းကို မိမိတာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ အထူးကိုယ်စားလှယ်နှင့် သံတမန်များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်း၍ တော်လှန်ရေးအဖွဲ့များနှင့် ပုံမှန်တွေ့ဆုံကာ ၎င်းတို့၏ဆွေးနွေးပွဲများကို လူသိရှင်ကြား အားပေး ထောက်ခံသင့်ကြသည်။ အဆိုပါဆွေးနွေးမှု ပလက်ဖောင်များ ရေရှည်တည်တံ့ရေးအပြင် ပုန်းရှောင်နေရပြီး ငွေကြေးအခက်ခဲလည်းဖြစ်နေသည့် အဓိကအဖွဲ့အများအပြား ဆက်လက် ပါဝင်နိုင်ရေးအတွက် ငွေကြေးအကူအညီများကို ၎င်းပလက်ဖောင်းများထံသို့ တိုက်ရိုက်ပေးအပ် သင့်သည်။

အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည့် ဂျွန်အဒမ်က “အားလုံးဖောင်ဖျက်ပြီး ဖြစ်ပါတယ်။ လူတွေက မြစ်ရဲ့ဟိုဖက်ကမ်းကို ဖြတ်ကူးပြီးသွားလို့ တံတားကို ဖြုတ်ချလိုက်ကြပြီ” ဟု အမေရိကန် တော်လှန်ရေးနှင့် ပတ်သတ်၍ တစ်ခါကရေးသားခဲ့ဖူးသည်။ အလားတူစွာပင် မြန်မာ့တော်လှန်ရေး၌ နောက်ကြောင်း ပြန်လှည့်စရာအကြောင်း မရှိတော့သလို တော်လှန်ရေးမှတစ်ပါး အခြားတည်ငြိမ်ရေး လမ်းစဟူ၍လည်း ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

(USIP စာစဥ်ပါ Billy Ford နှင့် Ye Myo Hein တို့၏ “For Myanmar, the Only Path to Stability Runs Through its Web of Resistance Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article