30 C
Yangon

လူသတ် မြန်မာစစ်ကောင်စီ ပါဝင်သည့် ဆွေးနွေးပွဲ ဂျာမနီ ကျင်းပ

Must read

By Benedikt Heubl and David Pfeifer

ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှုဖြင့် ကျင်းပခဲ့သော ဂျာမန်ဖောင်ဒေးရှင်းတစ်ခု၏ ဆွေးနွေးပွဲများသို့ မြန်မာစစ်ကောင်စီ၏ ဝန်ထမ်းများကို တက်ရောက် ခွင့်ပြုခဲ့သည်။ ထိုသို့တက်ရောက်ခွင့်ပြုခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား မည်သို့ရှောင်တိမ်းရမည်ကို မြန်မာစစ်တပ်က လေ့လာသိရှိသွားနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ဆိုကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညအချိန်တွင် မြန်မာစစ်တပ်သည် တစ်ကျော့ပြန်အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုအချိန်မှစတင်၍ စစ်ကောင်စီသည် မိမိစစ်သားများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောဒေသများရှိ စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်လျှက်ရှိသည်။ ဆန္ဒပြသူများကို ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ သေဒဏ်ကို ပြန်လည်အသက်သွင်း၍ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် ကြိုးမိန့်စီရင်ချက်များ ချမှတ်ဆောင်ရွက်လာခဲ့ သည်။

သို့တိုင်အောင်လည်း မက်စ်ပလန့်ခ် (Max Planck) သုတေသနအဖွဲ့၏ လက်အောက်ခံဖြစ်သော နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဟိုက်ဒယ်ဘတ် မက်စ်ပလန့်ခ် (Heidelberg Max Planck) ဖောင်ဒေးရှင်းသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအား စင်္ကာပူနိုင်ငံ၌ မကြာသေးမီကပို့ချခဲ့သော ပင်လယ်ပြင် ဘေးကင်းလုံခြုံရေး ဘာသာရပ်ဆိုင်ရာ သင်တန်းသို့ မြန်မာကိုယ်စားလှယ်များကို ချန်လှပ်ထားခြင်းမရှိဘဲ တက်ရောက်ခွင့်ပြုခဲ့သည်။

၎င်းဖောင်ဒေးရှင်းသည် သတင်းအချက်အလက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား အမည်စာရင်းပေးသွင်းရန် အစိုးရအားလုံးထံ အကြောင်းကြားခဲ့ရာ မြန်မာ အကြမ်းဖက်စစ်ကောင်စီကိုပါ ထည့်သွင်းဖိတ်ခေါ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံသည် များစွာအထီးကျန်ဖြစ်နေသလို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ စစ်ဗိုလ်ချုပ်ကြီးများက အာဆီယံတူညီဆန္ဒငါးရပ်ကို အကောင်အထည်မဖော်ဘဲ အရပ်သားကိုယ်စားလှယ်ကို စေလွှတ်ခြင်းလည်းမရှိပါက မြန်မာစစ်ကောင်စီအား အစည်းအဝေး တက်ရောက်ခွင့်မပြုရန် အချို့အာဆီယံနိုင်ငံများကပင် ပိတ်ပင်တားမြစ်ထားသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် ၎င်းကို တရားဝင် အသိအမှတ်ပြုလာစေမည့် အခွင့်အလမ်းအားလုံးကို အသုံးပြုလျက်ရှိသည်။

ဥပဒေနှင့်မညီသလို “လုံးဝ မှားယွင်းသည့် လုပ်ရပ်”

စင်္ကာပူ၌ကျင်းပသော Max Planck ဖောင်ဒေးရှင်း၏ အလုပ်ရုံဆွေးနွေးပွဲတွင် “အရှေ့တောင်အာရှဒေသ၌ ပင်လယ်ပြင်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည့် အခမ်းအနား အစီအစဉ်(၆)ခုကို ထည့်သွင်းထားသည်။ ၎င်းတို့အနက်သုံးခုမှာ လူကိုယ်တိုင် မျက်နှာချင်းဆိုင် နှီးနှောဖလှယ်ပွဲများ ဖြစ်သည်။

ဖောင်ဒေးရှင်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ အဆိုပါအခမ်းအနားကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန(AA ) ၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။ ဂျာမနီ၏ထောက်ပံ့မှုတွင် ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်စရိတ်နှင့် လေယာဉ်ခရီးစရိတ်များ ပါဝင်သည်။ အခြားမြန်မာဖက်မှ တက်ရောက်မည့်သူများကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက စာရင်းရယူပြုစုခဲ့ကြောင်း သက်ဆိုင်ရာ စာပေးစာယူများကို SZ သတင်းဌာနက ရရှိခဲ့သည်။

မြန်မာကိုယ်စားလှယ်များတွင် အီးယူ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်းသာ AA က ပြောဆိုသည်။ သို့သော် လက်ရှိအခြေအနေမျိုး၌ စစ်တပ်နှင့် နီးနီးကပ်ကပ် ပတ်သက်မှုများမရှိဘဲ စစ်ကောင်စီအတွက်အလုပ်လုပ်နေသူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိနိုင်သည့်အချက် သို့တည်းမဟုတ် တက်ရောက်မည့်ပုဂ္ဂိုလ်အတွက် အနည်းဆုံး စစ်တပ်၏ ခွင့်ပြုချက် လိုအပ်မည့်အချက်တို့ကို မေးခွန်းထုတ်စရာများ ပေါ်ထွက်လာလျက်ရှိသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ မူဝါဒအကြောင်းကိုလည်း ဤအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်း အခမ်းအနားအစီအစဉ်တွင် ဖော်ပြပါရှိသည်။ တတိယနေ့တွင် “ပင်လယ်ရေကြောင်းသွားလာမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား အစီအစဉ်တကျ အကောင်အထည်ဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် လက်ထောက်သုတေသီတစ်ဦးက ဆွေးနွေးခဲ့ပြီး ဆက်စပ်ဖြစ်စဉ်များကို အလေးပေး တင်ပြခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆွေးနွေးမှုတွင် ယုတ်စွအဆုံး ရှေ့နောက်မညီသော ကမောက်ကမ အခြေအနေတစ်ရပ်ကို တွေ့ရှိရကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် “Justice for Myanmar” က ပြောဆိုပြီး ယင်းဖြစ်ရပ်ကို စစ်ဆေးပေးရန် SZ ထံသို့ ပေးပို့လာခဲ့သည်။ လေ့လာကြည့်သည့်အခါ အဆိုပါ တင်ပြဆွေးနွေးချက်များတွင် အရေးယူပိတ်ဆို့မှုကို မည်သို့ရှောင်တိမ်းမည်ဟူသော လမ်းညွှန်ချက်များ ပါဝင်နေနိုင်သည့် အန္တရာယ်ရှိကြောင်း ဂျာမန်ဥပဒေကျွမ်းကျင်သူများက စီစစ်တွေ့ရှိရသည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ Max Planck ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ယခုလုပ်ရပ်သည် ဥပဒေနှင့်မညီညွှတ်ရုံမျှမက လုံးဝမှားယွင်းနေသည်ဟု တက်ဘင်ဂျန် (Tübingen)မြို့မှ နိုင်ငံတကာဥပဒေရေးရာ ရှေ့နေ Holger Rothbauer က ပြောကြားသည်။ “ပိတ်ဆို့အရေးယူမှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်တွင် “အဆိုပါဆက်သွယ် ဆောင်ရွက်မှုမျိုးကို ဟန့်တားရမည့်” ရည်ရွယ်ချက်များ အတိအကျပါဝင်နေပြီးလည်း ဖြစ်သည်။ SZ က စုံစမ်းမေးမြန်းသည့်အခါ ၎င်းဆွေးနွေးပွဲများတွင် စစ်ရေးအကြောင်းအရာ သော်လည်းကောင်း၊ စစ်ဖက်လေ့ကျင့်သင်ကြားပေးမှု သော်လည်းကောင်း၊ ပါဝင်ခြင်းမရှိကြောင်း ဘာလင်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်ငြင်းဆိုဖြေကြားသည်။

ယခုနှစ်အတွင်း ပူပူနွေးနွေးချမှတ်ထားသည့် အီးယူ၏ နောက်ထပ်အရေးယူ ကန့်သတ်မှုများ

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမျိုးသည် ငြိမ်းချမ်းနေသည့်အခါသမယတွင် ကောင်းမွန်သည့် အစီအစဉ်တစ်ခု အသေအချာဖြစ်ပေလိမ့်မည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့ အာဆီယံနိုင်ငံ အများအပြားအပေါ် ထိခိုက်နေသည့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဥပဒေ ချိုးဖောက်နေမှုများနှင့် စပ်လျဉ်း၍ ကျင်းပသင့်သော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်။ သို့သော် မြန်မာ့ ပင်လယ်ပြင်အခွင့်အရေးများသည် အိန္ဒိယသမုဒ္ဒရာထဲမှ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ အတွင်း၌သာ တည်ရှိနေသဖြင့် မြန်မာနှင့် သက်ဆိုင်ခြင်းမရှိပေ။

ထို့အပြင် ပေကျင်းကလည်း မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးလျက်ရှိပြီး ထိုသို့ ထောက်ခံနေသည့်အချက်မှာ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကိုသာ ချမှတ်နိုင်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ မပြုလုပ်နိုင်အောင် တားဆီးနေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာ့အရေး မဲခွဲဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသို့ စစ်လက်နက်များရောင်းချ၍ ငွေထုပ်ပိုက်ခွင့် သာနေသဖြင့် စစ်ကောင်စီကို ဆက်လက်ထောက်ခံနေဆဲ လက်ကျန်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော ရုရှား နိုင်ငံကဲ့သို့ပင် တရုတ်တို့ကလည်း အလားတူ ကန့်ကွက်မဲပေးလိမ့်မည်ပင် ဖြစ်သည်။

အမေရိကန်အစိုးရနှင့် အီးယူတို့က မြန်မာစစ်တပ်၏ အဆင့်မြင့်အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများကို ယမန်နှစ်က ချမှတ်ခဲ့သည်။ ယခုနောက်ဆုံး ဖေဖော်ဝါရီလကလည်း နောက်ထပ် အရေးယူ ကန့်သတ်မှုအသစ်များကို ပြဋ္ဌာန်းရန် အီးယူက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် Max Planck ဖောင်ဒေးရှင်းမှတစ်ဆင့် မြန်မာတို့နှင့် အမြင်ချင်းဖလှယ်ရန် ဖိတ်မံတကပြုလျက် ရှိနေပြန်သည်။

စင်္ကာပူ၌ ကျင်းပသော နှီးနှောဖလှယ်ပွဲသို့ ပြီးခဲ့သည့်သောကြာနေ့အထိ အနည်းဆုံး မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့သည်။ မည်သည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်ကို အတိအကျသိရှိလိုကြောင်း မေးမြန်းမှုအပေါ် Max Planckဖောင်ဒေးရှင်းက မဖြေကြားဘဲ နှုတ်ဆိတ်နေခဲ့သည်။

SZ က ရရှိခဲ့သော Max Planck ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူးထံသို့ ပေးပို့သည့် စာတစ်စောင်တွင် မြန်မာစစ်ကောင်စီဖက်မှ ဒေါက်တာသန်းသန်းလွင် တက်ရောက်မည်ဟု ဖော်ပြထားသည်။ သူသည် နစကဝန်ကြီးဌာနတစ်ခုမှ ဒု-ညွှန်ကြားရေးမှူး အဆင့်အရာရှိတစ်ဦးဖြစ်ကာ သူ၏အကြီးအကဲက ၎င်းစာကိုလက်မှတ်ရေးထိုးထားသည်။ ဆွေးနွေးပွဲသို့ သူအမှန်တကယ် တက်ရောက်ခဲ့ခြင်းရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

ဒေါက်တာသန်းသန်းလွင်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အင်တာနက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ အစိုးရအဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ပုံမရသော်လည်း သူသည် နစကမဖွဲ့စည်းမီ ကာလများကတည်းက မြန်မာနိုင်ငံကိုကိုယ်စားပြု၍ ဂျာမန်အဖွဲ့အစည်းများနှင့် အဆက်အသွယ် လုပ်နေခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ၂၀၁၇ ခုနှစ်က သူသည် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)က ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန၏ ဒု-ညွှန်ကြားရေးမှူးအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသည်။

အတိုက်အခံအရပ်သား အစိုးရကို ဖိတ်ခေါ်သင့်ခဲ့သည်

မြန်မာပြည်သူများကို ကိုယ်စားပြုသည့် “အမျိုးသား ညီညွတ်ရေးအစိုးရ” (NUG) ဟူသော အရပ်သား အစိုးရအဖွဲ့တစ်ခုလည်း ရှိနေသည်။ ၎င်းအဖွဲ့သည် ရွေးကောက်ခံအဖွဲ့ မဟုတ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ရန် လျှို့ဝှက်ဖွဲ့စည်း ပေါ်ပေါက်လာသောအဖွဲ့ဖြစ်သည်။ NUG သည် ဒေါ်အောင်ဆန်းစုကြည်အား “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဟူသော ခေါင်းဆောင်နေရာ၌ ဆက်လက်လက်ခံထားရှိသည်။ သို့ဖြစ်၍ NUG ကို ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ခဲ့ပြီး ထိုသို့ဖိတ်ခေါ်ခဲ့မည်ဆိုပါက လုံးဝကွဲပြားခြားနားသော အခြေအနေတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့မည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အချက်အလက်များအရ မြန်မာလူဦးရေ ၁၃ သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ လူဦးရေ ၁.၃ သန်းသည် အရပ်သားများအပေါ် အင်အားအလွန်အကျွံသုံး၍ အကြမ်းဖက်မှုဘေးမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူဦးရေ အနည်းဆုံး ၂,၀၀၀ မှာ အသတ်ခံခဲ့ရပြီးဖြစ်သည်ဟု ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် NUG ဥက္ကဋ္ဌ ဒူးဝါးလရှီးလက ပြောကြားသည်။ “အမေရိကန်နဲ့ အီးယူဆီကနေ ယူကရိန်းနိုင်ငံ ရရှိနေတဲ့ အကူအညီမျိုးသာ ကျွန်တော်တို့ရမယ်ဆိုရင် လူတွေသတ်ဖြတ်ခံနေရတဲ့ ဆင်းရဲဒုက္ခဟာ ချက်ခြင်း ရပ်တန့်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

(Sueddeutsche Zeitung သတင်းစာတွင်ဖော်ပြထားသော Von Benedikt Heubl နှင့် David Pfeifer တို့၏ “German workshops also for a murderous regime” ဆောင်းပါးကိုဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article