33 C
Yangon

ကယားပြည်နယ်တွင် နိုဝင်ဘာ ၁ လတာ တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးပြီး KNDF ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကယားပြည်နယ်တွင် နိုဝင်ဘာလ ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကယားပြည်နယ် တစ်ဝန်း နိုဝင်ဘာ တစ်လတာအတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၃ ဦးသေကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက် စစ်ဆင်ရေးနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ၅၇ လုံးပျက်စီးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ဆင်ရေးပြုလုပ်ကာ စစ်ကြောင်းများထိုးခဲ့ကြောင်း၊ နိုဝင်ဘာ ပထမပတ်အတွင်း လွိုင်ကော်မြို့နယ် ကုန်းဆွတ် ကျေးရွာ၊ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်များမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနှင့် ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တို့တွင် စစ်ကောင်စီတပ်ဘက်မှ ဝင်ရောက်တပ်စွဲသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီမောဆို မြို့နယ်တွင်လည်း နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲကျေးရွာ၊ ရှမ်းကယားနယ်စပ် နန်းဖယ်ခုံမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများအထိ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် အပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း၊ ဖရူဆိုမြို့နယ်၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှဘက်မှ နေ့စဥ် အလှစ်အငိုက်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြုကာ အင်အားဖြည့်တင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူဘက်သို့ ဘက်ပြောင်းပူးပေါင်းကာ CDM ပြုလုပ်ခဲ့မှုလည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း၊ ကျဆုံးသွားသော ရဲဘော် ၂ ဦးကို KNDF မှ အာဇာနည် သူရဲကောင်းအဖြစ် မှတ်ကျောက်တင် အလေးပြုပါကြောင်းနှင့် ဒီးမော့ဆိုမြို့နယ်နှင့် နန်းဖယ်ခုံမြို့တို့တွင် စစ်ရေးအရှိန်မြင့်လျက်ရှိပြီး ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပါသဖြင့် ပြည်သူများ လုံခြုံရေး သတိရှိကြပါရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article