33 C
Yangon

ကျွန်းလှ၊ အင်တိုင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄၃ လုံး ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အင်တိုင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းမီးရှို့မှု နေအိမ် ၁၄၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီး အင်အား ၂၀၀ ခန့်က အင်တိုင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ တမင်ဝင်ပြီး မီးရှို့သွားတာပါဗျ။ တန့်ဆည်ဘက်လည်း ပတ်ရှို့လာတာပဲဗျ။ အဲ့စစ်ကြောင်းပါ။ ပြည်သူတွေတော့ ပြန်မဝင်နိုင်ကြသေးပါဘူးဗျ”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ခဲ့သော အင်တိုင်းရွာသည် နေအိမ် ၂၇၀ လုံးရှိသော ကျေးရွာဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်ခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ အင်တိုင်းရွာနှင့် အနီးတဝိုက်ရှိရွာမှ ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်များသည် အင်တိုင်းရွာမှ ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည် ထွက်ခွာသွားပြီး ယင်း စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်ရှိအချိန်တွင် သဖန်းဆိပ်ဆင်စွယ်စခန်းသို့ ရောက်ရှိနေကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းမှ ထွက်ခွာသွားချိန်၌ မိုင်းထောင်ထားခြင်းများ မကြာခဏ လုပ်ဆောင်တတ်သောကြောင့် စစ်ကြောင်းထွက်ခွာသွားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ်ရသောကြောင့် အင်တိုင်းရွာသို့ ပြန်မဝင်ရဲသေးဘဲ စစ်ဘေးရှောင်နေထိုင်ဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article