27 C
Yangon

စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၁၇ ဦးသေဆုံး

Must read

စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း အတွင်းရှိ ကောလင်းမြို့နယ်၊ တန့်ဆည်မြို့ိယ်၊ ကလေး မြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းနှင့် တနင်္သာရီတိုင်း အတွင်းရှိ လောင်းလုံးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၇ ဦး သေသုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကောလင်းမြို့ပေါ် မိုင်းဆွဲ တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

============================================

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် အထက ၂ နှင့် ပြည်သူ့ပန်းခြံအနီးတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ရဲ ၅ ဦးဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် ဒုရဲအုပ်ငြိမ်းချမ်းကျော်အပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“စစ်ခွေးတွေက ကင်းလှည့်ထွက်လာတာပါ၊ ရခ၊ စခပေါင်းပြီးထွက်လာတာ၊ ရခက ဒုရဲအုပ်ပါ၊ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ရဲဘော်တွေ အကုန်ဘေးကင်းပါတယ်၊ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာမျိုး တော့ရှိပါတယ်၊ ပြည်သူတွေ အဖမ်းခံရတယ်လို့တော့ မကြားမိဘူး” ဟု Kawlin Revolution – KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောကြားသည်။

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

============================================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာဘိုးမူးမှ အောင်သာယာကျေးရွာဘက်သို့ ကူးသော အကြမ်းဖက် စစ်သားများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း MDF – Hydra Force တပ်ဖွဲ့ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တန့်ဆည်မြို့နယ်အတွင်းရှိ ငတန်း၊ ရွှေလံ၊ တပ်သစ်၊ ရွာဘူကြီး၊ ကလဇင်၊ ပေကုန်း၊ စည်းမရွာများကို မီးရှို့ ဖျက်ဆီးပြီး မူးမြစ်ကိုဖြတ်ကူးသော စစ်သားနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို MDF – Hydra Force နှင့် မြောက်ပိုင်း မဟာမိတ် (NCG) တပ်ဖွဲ့တို့ပူးပေါင်းကာ ၄၇ မိနစ်ခန့်ကြာသည်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း MDF – Hydra Force က ထုတ်ပြန်ထားသည်။

ကလေးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦးသေဆုံး

============================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး သေဆုံး​ခဲ့ကြောင်း ကလေး PDF ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကလေးမြို့နယ် အရှေ့ပိုင်း၊ ကံပုလဲကျေးရွာမှ ကလေးမြို့တောင်ပိုင်း နည်းပညာတက္ကသိုလ်(ကလေး) ဘက်သို့ အင်အား ၇၀ ခန့်ဖြင့် ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပေါက်ခုံ ကျေးရွာနှင့် ထိုမာကျေးရွာကြားတွင် အသင့်ပြင်ဆင်ထားသော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၇ ဦးခန့် အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၁၀ မိနစ်ခန့် ဘေးပတ်ဝန်းကျင်အားရမ်းသမ်းပစ်ခတ်ကာ ကလေးနည်းပညာ တက္ကသိုလ်အတွင်း ဝင်ရောက်သွားကြောင်း ကလေး PDF က ထုတ်ပြန်ထားသည်။

အလားတူ ကလေးမြို့နယ်၊ ရေဦးလဲကျေးရွာမှ GTC ကျောင်းသို့ သွားသည့် အကြမ်းဖက်စစ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က ရေလဲဦး ကျေးရွာမှ GTC သို့သွားသည့် အကြမ်း ဖက် စစ်သားများကို ကလေး PDF တပ်ရင်း ၂ မိုင်းတပ်ဖွဲ့နှင့် ကလေး PDF တို့ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခံမှု စစ်သား ၃ ဦးသေဆုံး

============================================

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force –South Monywa ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် မုံရွာမြို့မှ ကင်းပုန်းဝပ်ရန် ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားကြီး ၂ စီးကို မုံရွာ-မန္တလေး လမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအတွင်းမှ ၅ ဦးမှာ မသေမရှင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန်အကြမ်းဖက် စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် စစ်ကား ၄ စီးကို မိုင်းဆွဲ တိုက်ခိုက်

============================================

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကား ၄ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား တစ်စီးပျက် စီးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် လောင်းလုံးမြို့မှ ညင်းမော်ကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Vigo ကား ၃ စီးနှင့် စရဖကားတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Vigo ကားတစ်စီး ထိမှန်ကာ ထိုးရပ်သွားပြီး ပျက်စီးခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေး ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးအနားရှိ ပြည်သူ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article