32 C
Yangon

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် သင်္ဘောသားလစာ ဒေါ်လာ များ ကို အလုအယက်ဝယ်နေပြီး ပြင်ပပေါက်စျေးထက် တစ်ဒေါ်လာ ၄၀ ကျပ်မှ ၅၀ ကျပ်အထိစျေး ပိုပေးမည်ဟုဆို၊ ဒေါ်လာစျေးကွက်တစ်ခုလုံးကို စစ်တပ်က ချုပ်ကိုင်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ၉

အကြမ်းဖက်စစ်ကောင်စီ၏ ခိုင်းစေချက်အရ ပုဂ္ဂလိကဘဏ်များက သင်္ဘော သား လစာငွေ အမေရိကန်ဒေါ်လာများကို အလုအယက်ဝယ်နေကြ‌ပြီး ပြင်ပ ပေါက်စျေးထက် တစ်ဒေါ်လာလျှင်‌ ငွေကျပ် ၄၀ ကျပ်မှ ၅၀ ကျပ်အထိ ပိုပေး မည်ဟုဆိုကာ ဆွဲဆောင်နေကြကြောင်း သင်္ဘောသားများထံမှ စုံစမ်း သိရှိရသည်။

“ပင်လယ်ကူးသင်္ဘောသား အဖွဲ့ကနေ ဒေါ်လာတွေကို တစ်ဒေါ်လာ ငွေကျပ် ၄၀ ၊ ၅၀ ကျပ်ပိုပေးမယ်။ အဲဒါ ရောင်းပေးဖို့ စာတွေ ပို့လာပါတယ်။ သူတို့ကြည့်ရတာ ဒေါ်လာ လိုအပ်ချက်တော့ အတော်ကြီးနေပုံရတယ်” ဟု သင်္ဘောသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်အဖွဲ့ချုပ်က ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာတွင် သင်္ဘောသား လစာငွေ ဒေါ်လာများကို ပုဂ္ဂလိကဘဏ်များတွင် ရောင်းချပေးကြရန် အပြိုင်အဆိုင်စျေးပိုပေး၍ ဆွဲဆောင် လျက်ရှိကြသည်။

A Bank က သင်္ဘောသားလစာငွေကို တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀ ပြင်ပပေါက်စျေးထက် ပိုပေးမည်ဖြစ်ကြောင်း၊ Yoma Bank ဘဏ်က ပြင်ပပေါက်စျေးထက် တစ်ဒေါ်လာလျှင်‌ ငွေကျပ် ၅၀ ပြင်ပပေါက်စျေး ထက်ပိုပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းနေကြသည်။

“ကမ်းလှမ်းနေကြတာ ဘဏ်တွေအားလုံးပဲ အပြိုင် အဆိုင်ပဲ။ အိမ်တိုင်ရာရောက် ဘဏ်အကောင့် ဖွင့်ပေးမယ် ဆိုတာမျိုးအထိ ကမ်းလှမ်းနေကြတာ” ဟု သင်္ဘောသားတစ်ဦးကဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက သင်္ဘောသားများအနေဖြင့် ရရှိသော လစာငွေ ဒေါ်လာများကို ပြည်တွင်းသို့ လွှဲပြောင်းပေးပို့ပြီး မြန်မာငွေ လဲလှယ်ရန် ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိတွင် စစ်ကောင်စီက ဒေါ်လာစျေးကွက်တစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်ထားပြီး မြန်မာ့စီးပွားရေးမှာ အလုပ်မဖြစ်ဘဲ ကျုံ့ဝင်နေကြောင်း၊ စီးပွားရေးလည်ပတ်မှု အလွန်နည်းပါးနေကြောင်း၊ ဘဏ်များကလည်း ငွေကျပ်သိန်း ၂၀၀ အထက် ငွေသွင်းငွေထုတ်များကို စောင့်ကြည့်ထိန်းချုပ်ထား၍ စီးပွားရေး လုပ်ကိုင်မရသည့် အခြေအနေရှိကြောင်း၊ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်နှုန်းထားတွင် မြန်မာငွေ တန်ဖိုးတက်နေခြင်းမဟုတ်ဘဲ စီးပွားရေးရပ်ဆိုင်းခြင်း၊ စစ်ကောင်စီ၏ လက်နက်ပြခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် လုပ်မရဘဲ စျေးကွက် ငြိမ်သက်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“ဒေါ်လာစျေးကတော့ စစ်တပ်က အကုန်ထိန်းချုပ်ထားတော့ လှုပ်မရဘူး။ ရွှေသမားတွေတောင် သိန်းထောင်ချီထုတ်လို့ဆိုပြီး အရေးယူ စစ်ဆေးတာတွေလုပ်နေတော့ ဘာမှ လုပ်လို့မရဘူး။ အဲဒီတော့ ဒေါ်လာက အဝယ်အရောင်း ဆိုတာထက် ပမာဏနည်းနည်းပဲ စျေးကွက်မှာ လည်နေတာပေါ့။ စီးပွားရေးလည်ပတ်မှု အတော်ကို နည်းနေတယ်။ ဒေါ်လာရှားပါးမှုလည်းဖြစ်လာတယ်။ ဒါက မြင်ရတာ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်အောက်တွင် စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article