28 C
Yangon

စစ်ကောင်စီမှ မင်းပြားမြို့ရှိ တပ်ရင်းများသို့ နေဗီများဖြင့် လက်နက်၊ ရိက္ခာများဖြည့်တင်းနေ

Must read

ရန်ကုန်၊ဒီဇင်ဘာ ၅

ရခိုင်ပြည် မင်းပြားမြို့ရှိ တပ်ရင်းများသို့ စစ်ကောင်စီမှ လက်နက်၊ ရိက္ခာများကို ရေကြောင်းမှတစ်ဆင့် သယ်ယူဖြည့်တင်းလျက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ၁၀ နာရီဝန်းကျင်ခန့်တွင် မင်းပြားမြစ်ကြောင်းမှတစ်ဆင့် စစ်ရေယာဥ် ၄ စီးတက်လာပြီး မင်းပြား မင်းဘာကြီးဖောင်တော်ဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိနေသည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“မြစ်ကြောင်းကနေတက်လာတာ။ စုစုပေါင်း နေဗီက ၄ စီးပါ။ ၁၀ နာရီဝန်းကျင်လောက် မင်းဘာကြီးဖောင်တော်မှာ ကမ်းကပ်ပြီး ပစ္စည်းတွေတင်နေကြတာတွေ့တယ်။ လူအရေအတွက်ကတော့အများကြီးပဲ။ သယ်နေကြတဲ့ ပစ္စည်းတွေလည်းအများကြီးပဲတွေ့ရတယ်” ဟုပြောသည်။

မင်းပြားမြို့ရှိ မင်းဘာကြီးဆိပ်ကမ်းမှာ ခမရ ၃၇၉ တပ်ရင်းအနီးတွင်ရှိနေပြီး ထိုမှတစ်ဆင့် ၅၄၁ စသည့်တပ်ရင်းများ တစ်ဆင့်ချင်းရှိနေခြင်းဖြစ်သည်။

မင်းပြားဖက်သို့ တက်လာကြသည့် အဆိုပါစစ်ကောင်စီ၏ စစ်ရေယာဥ်များမှာ ယနေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းခန့်က စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှနေ၍ စတင်ထွက်ခွာသွားခြင်းဖြစ်ကြောင်း အဆိုပါအနီးတစ်ဝိုက်မှ ဒေသခံများကဆိုသည်။

စစ်ကောင်စီမှ စစ်ရေယာဥ်များဖြင့် လက်နက်ရိက္ခာဖြည့်တင်းမှုမှာ ရက္ခိုင့်တပ်တော်နှင့် သဘောတူညီချက်ရယူပြီး သွားလာခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“AA နဲ့သဘောတူညီချက်ရယူပြီး ရိက္ခာသယ်လာတာလို့ကြားတယ်။ ရိက္ခာပဲသယ်ရမယ် လက်နက်တွေမသယ်ရဘူးဆိုတဲ့ပုံစံမျိုးနဲ့ သဘောတူညီချက်ယူထားတယ်လို့ဆိုတယ်။ ဒါပေမဲ့ သူတို့နည်း သူတို့ဟန်တွေ လက်နက်တွေသယ်ရင်လည်း သယ်လာနိုင်တာပဲလေ။ ဒါပေမဲ့ နှစ်ဖက်ညှိပြီး လုပ်ကြတာဖြစ်တဲ့အတွက် ဒီရေယာဥ်တွေတက်လာတာက တိုက်ပွဲပြန်ဖြစ်နိုင်ခြေမရှိဘူးလို့ထင်တယ်” ဟုပြောသည်။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့မှာ နိုဝင်ဘာ ၂၆ ရက်နေ့ကစ၍ လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘောအပစ်ခတ်ရပ်စဲထားကြခြင်းဖြစ်သည်။

ထိုသို့အပစ်ရပ်ထားသည့်အချိန်တွင် စစ်ကောင်စီဖက်မှ နှစ်ဖက်တင်းမာစဥ်က ပိတ်ဆို့ထားသည့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများကို ဖွင့်ပေးလာမှုရှိပြီး ဆက်လက်ပိတ်ဆို့ခံထားသည့် ကုန်းလမ်းကြောင်းများလည်း ကျန်ရှိနေဆဲဖြစ်သည်။

လက်ရှိ အပစ်ခတ်ရပ်စဲသည့်ကာလတွင် စစ်ကောင်စီအနေဖြင့် ဖွင့်ပေးထားသည့် လမ်းကြောင်းများမှတစ်ဆင့် ၎င်းတို့တပ်ရင်းများသို့ ရိက္ခာသယ်ယူမှုခြင်း၊ လူအင်အားဖြည့်ခြင်းတို့လုပ်ဆောင်လျက်ရှိနေပြီး နေရာတစ်ချို့တွင်လည်း တိုက်ပွဲကာလကကဲ့သို့ စစ်ဆေးရေးတင်းကျပ်ထားမှု၊ နေရာယူတပ်စွဲထားမှုတို့ပါ ဆက်လက်လုပ်ဆောင်လျက်ရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article