36 C
Yangon

တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများကို စစ်ကောင်စီက သစ္စာအဓိဋ္ဌာန် ၆ ချက် နံနက်တိုင်း ရွတ်ဆိုခိုင်း၊ ယခင် သစ္စာအဓိဌာန် ၄ ချက်သာရှိရာမှ မင်းအောင်လှိုင်က ၂ ချက်တိုးထည့်၍ ရွတ်ဆိုခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများကို သစ္စာအဓိဋ္ဌာန်ပြုချက် ၆ ချက်ကို ဆိုင်း ဘုတ် များဖြင့် စိုက်ထူခိုင်းပြီး နံနက်တိုင်း ရုံးတက်ချိန်တွင် ရွတ်ဆိုခိုင်းနေကြောင်း ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခင်က ဝန်ထမ်းသစ္စာအဓိဋ္ဌာန်သည် ၄ ချက်သာရှိရာမှ အကြမ်းဖက်မင်းအောင်လှိုင်က ထပ်မံ၍ အချက် ၂ ချက် တိုးကာ ယင်းသစ္စာအဓိဋ္ဌာန်ချက်များကို နံနက်ခင်း ရုံးတက်ချိန်တိုင်း ဝန်ထမ်းအားလုံး မဖြစ်မနေ ရွတ်ဆိုရန် စစ်ကောင်စီနှင့် မင်းအောင်လှိုင်က ခိုင်းစေလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီက တစ်နိုင်ငံလုံး ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၄ ချက် ရှိနေရာကနေ ၆ ချက်အထိတိုးတယ်။ အဲဒါတွေကို မနက်တိုင်း ရုံးတက်ရင် ရွတ်ခိုင်းတယ်။ ရုံးတွေ အားလုံး မဖြစ်မနေ လုပ်ခိုင်းတာ။ စစ်တပ် လိုမျိုး လုပ်နေတာ”ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခင်က ဝန်ထမ်း သစ္စာအဓိဋ္ဌာန်အဖြစ် အချက် ၄ ချက်သာရှိပြီး အဆိုပါ အချက် ၄ ချက်မှာ-

၁-ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။

၂- ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၃- ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၄- ကျွန်ုပ်တို့သည် အမိနိုင်တော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်း ဆောင် ရွက် ပါမည် အချက်များဖြစ်သည်။

သို့ရာတွင် အကြမ်းဖက်မင်းအောင်လှိုင်က ဝန်ထမ်းများ သစ္စာအဓိဋ္ဌာန်အဖြစ် နံပါတ် ၅ နှင့် နံပါတ် ၆ အချက်များကို ထပ်မံ ထည့်သွင်းလိုက်ပြီး ယင်းတို့မှာ-

၅-ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင် နေထိုင်ပါမည်။

၆- ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်သွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည် ဆိုသော အချက်များဖြစ်သည်။

သိန်းစိန်အစိုးရ လက်ထက်နှင့် NLD အစိုးရလက်ထက်တွင် ဝန်ထမ်း သစ္စာအဓိဋ္ဌာန်များကို ရွတ်ဆို ရခြင်းမရှိဘဲ ယခု အကြမ်းဖက်မင်းအောင်လှိုင်က ဝန်ထမ်းတိုင်း ရွတ်ဆိုခိုင်းလာခြင်းမှာ ဝန်ထမ်း ယန္တရားကို စစ်တပ်ကဲ့သို့ ပုံသွင်းပြီး စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည် တည်ထောင်ခြင်းဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယင်းသို့ရွတ်ဆိုရမှု၊ ဝန်ထမ်းများနှင့်မသက်ဆိုင်သော မင်းအောင်လှိုင် ကို အလေးပြုရသည့် ဗိုလ်ရှုသဘင်များအပေါ် စိတ်ပျက် လာကြ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article