30 C
Yangon

တန့်ဆည်ရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော် ပြာကျပြီး ပြည်သူ ၁ ဦးပစ်သတ်ခံရ

Must read

တန့်ဆည်ရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော် ပြာကျပြီး ပြည်သူ ၁ ဦးပစ်သတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ခုကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိရ သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ စစ်တပ် စစ်ကြောင်းက ၄ ရက်တာအတွင်း တန့်ဆည် မြို့နယ်အတွင်းရှိ ဖလံချိုင်ကျေးရွာ၊ ငတန်းကျေးရွာ၊ ရွှေလှန်ကျေးရွာ၊ ကလဇင်ကျေးရွာ၊ ရွာဘုကြီး ကျေးရွာနှင့် ကြို့ထိန်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း၊ ရွာဘုကြီး ကျေးရွာ ရွာထိပ်တွင် တပ်သစ်တောင်ရွာမှ ဒေသခံ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်တပ်က ဖလံချိုင်ရွာကို မီးရှို့ခဲ့ကြောင်း၊ ဒီဇင်ဘညလ ၂၀ ရက်နေ့တွင် ငတန်းရွာကို ထပ်မံ မီးရှို့ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေလှန်ရွာ၊ ရွာဘုကြီးရွာနှင့် ကလဇင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွာဘုကြီးရွာနှင့် ကလဇင်ရွာတို့ကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ရွာတွေ အားလုံးထဲမှာ ငတန်းကျေးရွာက ရွာလုံးကျွတ် နီးပါး သုံးပုံ တစ်ပုံလောက်ပဲကျန်တော့တယ်။ အကုန်နီးပါး မီးထဲပါသွားပြီ ကျန်တဲ့ရွာတွေလည်း မီးရှို့ဖျက်ဆီးခံရပေမယ့် ငတန်းရွာက အဆိုးဆုံးပဲ ရွာလုံးကျွတ်နီးပါးကို ပြာကျသွားတာပါ။ ရွာဘုကြီး ရွာထိပ်မှာလည်း တပ်သစ်တောင်ရွာက ပြည်သူ ၁ ဦးကို ပစ်သတ် သွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် တန့်ဆည်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ငတန်းရွာမှ နေအိမ်၄၅၀ခန့်၊ ရွှေလှန်ရွာမှ နေအိမ်၉၁လုံးနှင့် တပ်သစ်ရွာမှ ဆိုင်ကယ်၇စီးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ငတန်းရွာလည်း တစ်ရွာလုံးပြောင်ပြီ၊ ဒီတစ်ခေါက်ဝင်တဲ့စစ်ကြောင်းက ရွာတိုင်းကို ရွာလုံးကျွတ်တဲ့အထိ ရှို့ပြီး ဖျက်ဆီးနေတာ။ ကိုယ့်အိမ်၊ ကိုယ့်ရွာ မဟုတ်တိုင်း ဖျက်ဆီးနေကြတာ။ဘာမှ ရစရာမရှိတော့ဘူး”ဟု သူကပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ဒီဇင်ဘာလအထိ တန့်ဆည်မြို့နယ်တွင် နေအိမ် ၃၆၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာလ၄ရက်မှ ၂၁ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့သော ခမရ ၃၆၁ နှင့် ခမရ ၃၆၉ စစ်ကြောင်းများဖြစ်ပြီး သာခေါင်ကြီး၊ ကမ်းဖြူ၊ ဝက်တိုး၊ ပုတီး၊ ပေချောင်၊ ထန်းကုန်းကြီး၊ ထန်းပင်ကုန်း၊ မူးကျင်းစု၊ သာဂရ၊ သာဂလ၊ ရွာရှည်(မ)၊ ဂွေးကုန်း၊ ဖလံချိုင်၊ ငတန်းရွာနှင့် ရွှေလှန်ရွာစသည့် ကျေးရွာ၁၅ရွာတို့မှ နေအိမ် ၁၁၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဘုတလင်မြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article