30 C
Yangon

ထီးချိုင့်မြို့ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ကျေးရွာ ၇ ရွာကို မီးရှို့မှု နေအိမ် ၄၃၇ လုံးပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၃၇ လုံးပြာကျခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ်များဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် YAK-130 ဂျက်ဖိုက်တာ ၁ စီးဖြင့် အလယ်တော တောင်ရိုးရှိ ဘုရားကုန်းအား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေသာရွာကို ဗုံး ၈ လုံးကျဲချခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အင်းတိန်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်နှင့် ည ၁၁ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အလယ်တောရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆူးပုံချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၅ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်နှင့် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတို့တွင် အင်ကြင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၂ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အလယ်တောရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈၅ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် အင်းတိန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၉ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လေသာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၈၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျက်သရေချောင်းရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် သခွတ်ချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တပ်မ ၈၈၊ ခမရတပ်ရင်း ၄၁၅မှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်း(ကြည်း) မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article