36 C
Yangon

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ ထောက်ခံအားပေးမှုနဲ့ မဘသတွေ မတရားသိမ်းပိုက်ခဲ့တဲ့ ဦးသာ့သနာကျောင်းတိုက် (သို့မဟုတ်) အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဌာနချုပ်

Must read

By ဟိဏ်းဝေယံ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်လို့ နာမည်ကြားလိုက်ရုံနဲ့ အမျိုးသားရေး အစွန်းရောက်တွေ၊ မဘသတွေ ၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံအားပေးသူတွေ စုဝေးရာ နေရာအဖြစ် အားလုံး သိရှိခဲ့ကြပြီဖြစ်ပါတယ်။

အဲဒီကျောင်းတိုက်ကို မဘသ အစွန်းရောက်လည်းဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တက အဓိက နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ အမျိုးသားရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒ ရှင်သန်ကြီးထွားရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တကယ်တော့ အဲဒီကျောင်းတိုက်ကို အစွန်းရောက် သုစိတ္တက မတရား သိမ်းယူခဲ့တာ ဖြစ် ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မဘသအဖွဲ့ကပဲ မိုက်ကြေးခွဲပြီး သိမ်းယူထားတဲ့ ကျောင်းဆိုရင် လည်း မမှားနိုင်ပါဘူး။

မဘသ လက်ထဲ မရောက်ခင် ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ကို ပိုင်ဆိုင် သူ ကျောင်းထိုင် ဆရာတော် ဦးဥက္ကံဖြစ်ပါတယ်။ ဦးဥက္ကံက ကျောင်းတိုက်ကို အခြားဘုန်းကြီးတစ်ဦးထံ ငွေနဲ့ရောင်းပြီး လူထွက် မိန်းမယူသွားခဲ့ပါတယ်။

ကျောင်းရဲ့ ပထမပိုင်ရှင် ဘုန်းကြီး ဦးဥက္ကံက ကျောင်းကိုရောင်း၊ လူထွက် ၊ မိန်းမယူပြီး အဲဒီကျောင်း ရောင်း ရတဲ့ငွေတွေနဲ့ အပြင်မှာသုံးဖြုန်းပါတယ်။ လူထွက်လို့ ရှိသမျှစည်းစိမ်အကုန် ကုန်သွားတော့မှ ဦးက္ကံက သင်္ကန်းပြန်ဝတ်ပြီး အဲ့ကျောင်းပေါ်တက်နေတာ။ အဲဒီလိုတက်နေတော့ ကျောင်းကို ဝယ် ထား တဲ့ ကျောင်းထိုင်ဘုန်းကြီးက လက်မခံဘူး။

အဲဒီလို ကျောင်းထိုင်ဘုန်းကြီးက လက်မခံတော့ မောင်းချတဲ့အခါ ဦးဥက္ကံက မဘသအဖွဲ့တွေနဲ့ပေါင်း၊ မြောက်ဒဂုံက ဘုန်းကြီးလူမိုက်တွေကိုခေါ်၊ နောက်ထပ် တခြားလူမိုက်တွေကိုလည်း သင်္ကန်းခြုံပေး၊ ဒီကျောင်းကိုပြန်ရရင် သူတစ်ဝက်၊ မဘသတစ်ဝက် ပြန်ခွဲယူမယ်ဆိုပြီး ဘုန်းကြီးအပါး ၅၀ ကျော် လောက် ဒိုင်နာကားတွေနဲ့ ဦးသာ့သနာကျောင်းကို ရောက်ချလာပြီး အဲ့ကျောင်းကို မိုက်ကြေးခွဲ ဝင် သိမ်း ထားတာ။ မိုက်ကြေးခွဲ ဝင်ရိုက်တဲ့အုပ်စုထဲမှာ ဝင်းကိုကိုလတ် (စွစောင်း) တို့အုပ်စု တောင် ပါ ပါသေးတယ်။

သူတို့အားလုံးက အဲဒီဘုန်းကြီးကျောင်းမှာနေနေတဲ့ မည်သူ့ကိုမဆို ရိုက်ထုတ်ပစ်ပြီး အကုန်မောင်းချ၊ ကျောင်းကို ဝယ်ယူထားတဲ့ဘုန်းကြီးဆို သင်္ကန်းတစ်စုံနဲ့ ကျောင်းပေါ်ကနေ ဆင်းပြေးရပါတယ်။

ကျောင်းဝယ်ယူခဲ့တဲ့ ဒုတိယပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးက သာသနာ့ရေးရာတွေကော သက်ဆိုင်ရာ ဌာန တွေမှာရော တရားစွဲ၊ အမှုဖွင့်ပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ မဘသအဖွဲ့ရဲ့ ကျောင်း တိုက် မတရားဝင်ရောက်သိမ်းပိုက် မှုကို အရေးယူမပေးပါဘူး။

အဲ့ဒီအချိန်အခါတုန်းက ဗိုလ်ချုပ်မြင့်ဆွေက မဘသတွေရဲ့ ကျောထောက်နောက်ခံ ဖြစ်နေပြီး ဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး ရယူထားချိန်လည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးလည်း ရန်ကုန်ကနေထွက်ပြီး တခြားမြို့မှာ သီတင်း သုံးနေရတယ်။

အဲဒီကျောင်းကို မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေ လုပ်ဖို့ ငွေထုပ် တွေလာ ပို့တဲ့ အထဲမှာ ကြံ့ဖွတ်ပါတီက အထက်ပိုင်းလူကြီးတွေပါသလို စစ်တပ်ဘက်က အရာရှိ အကြီး ပိုင်းတွေ လည်း ဝင်ထွက်သွားလာနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ကျောင်းကမောင်းထုတ်ခံရတဲ့သူတွေက ကျောင်းအတွင်းကျန်ရှိနေတဲ့ သူတို့ပစ္စည်းအထုပ်အထည်တွေ လာယူတာတောင် ကျောင်းဝင်းအနားအကပ်မခံဘူး။ ကပ်တာနဲ့ ဟိုကောင်ကရိုက်မယ်၊ ဒီကောင်က ရိုက်မယ်၊ ဟိုဘုန်းကြီးကရိုက်မယ်၊ ဒီဘုန်းကြီးကရိုက်မယ်နဲ့ ကျောင်းထဲကို လုံးဝအဝင်မခံတော့ဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရတစ်ရပ် ဖြစ်လာတော့မယ်ဆိုတာ စစ်အာဏာရှင်တွေက ကြိုမြင်ခဲ့ကြတော့ ဗဟန်း ဦးသာသနာ့ကျောင်းကို တိုင်းပြည်ကို အဖျက်အမှောက်လုပ်ဖို့ လူယုတ်မာ တွေ စုဝေးဖို့ ဌာနချုပ် အဖြစ် ရည်ရွယ်ပြီး မဘသနဲ့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုယူ သိမ်းပိုက် ခဲ့ကြ တာလည်းဖြစ်ပါတယ်။

ကျောင်းဖွဲ့စည်းပုံက အောက်ခြေအုတ်မြစ်ချ ပျဉ်ထောင်နှစ်ထပ်ကျောင်းဖြစ်ပြီး မြေအောက်ခန်း လည်း ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းထဲမှာ တုတ်၊ ဓါးလက်နက်တွေ သိုလှောင်ရာနေရာအဖြစ် ထားရှိပြီး၊ ယနေ့အချိန်ထိဆို ခဲယမ်း၊ သေနတ်၊ လက်ပစ်ဗုံးတွေတောင် သိမ်းဆည်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် NLD အစိုးရ ဖြုတ်ချရေး ကြေးသွန်းသပိတ်နဲ့ ဆက်စပ်နေတဲ့ ဝရမ်းပြေးကျောက်ခဲက မြ၀တီက ဝယ်လာတဲ့ လက်ပစ်ဗုံး ၅ လုံးကို အဲဒီကျောင်းမှာ ထားခဲ့တာပါ။

အဲဒီကျောင်းကို သိမ်းယူထားတဲ့ ယခင်မဘသအဖွဲ့အစည်းကို ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင် ထား သလဲဆို သိနိုင်ပါပြီ။

မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ ရဲ့ တပည့်တွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး Myanmar National Organization (MNO) အဖွဲ့ ဖွဲ့စည်းတာ၊ စစ် တပ်ထောက်ခံရေး သပိတ်တွေ၊ NLD အစိုးရ ဖြုတ်ချရေး သပိတ်တွေ၊ ဘာသာရေးနဲ့လူမျိုးရေး အဓိက ရုဏ်းတွေ ဖန်တီးဖို့ကြိုးစားမှုတွေအားလုံးက အဲဒီ ကျောင်းတိုက်မှာပဲအခြေပြုတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ပြီး ပြည်သူလူထုက လက်မခံနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေကြချိန်မှာ ဗဟန်းရေခဲဆိုင် မှတ်တိုင် (ရွှေကောင်းဟော့ပေါ့အနီး) ဆန္ဒပြပြည်သူလူထုရဲ့ ကားမှန်တွေကို သင်္ကန်းဝတ် တချို့က အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဥ်ကို အားလုံး မှတ်မိ ကြမယ်ထင်ပါတယ်။ ဒီဖြစ်စဥ်ဟာဆိုရင်လည်း သုစိတ္တ ဥိးဆောင်တဲ့ ဘင်္ဂလားတိုက် ဦးသာသနာ့ ကျောင်းမှာ နေထိုင်တဲ့ အမျိုးသားရေးအမည်ခံ အစွန်းရောက် မဘသ သင်္ကန်းဝတ်တွေက ကျောင်း တိုက် အခြေပြုပြီး ပြည်သူလူထုကို အကြမ်းဖက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အဲဒီလို ပြည်သူလူထုရဲ့ ကားမှန်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့တဲ့ အစွန်းရောက် မဘသနဲ့ အမျိုးသားရေးတွေကို မဖမ်းဆီးခဲ့တဲ့အပြင် အကာအကွယ်တောင်ပေးခဲ့ကြပါသေးတယ်။

မဘသ သင်္ကန်းဝတ် သုစိတ္တနေထိုင်ရာ ဘင်္ဂလားတိုက် ဦးသာသနာကျောင်းတိုက်ဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာသိမ်းမှုမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့လဲဆိုတာ သတိထားမိနိုင် ကြပြီ ထင်ပါတယ်။

ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ဆိုတာဟာ စစ်တပ်နဲ့ မဘသ၊ အမျိုးသားရေး သမားတွေ လက်တွဲညီညီ တိုင်းပြည်ချောက်ထဲ ဆွဲချခဲ့တဲ့ သမိုင်း၊ စစ်အာဏာရှင် ပံ့ပိုးရေးအတွက် အဓိက လှုပ်ရှား ခဲ့ကြတဲ့ နေရာဌာနချုပ်အဖြစ် ရာဇဝင် အမည်းစက် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ- မြင့်ဆွေနဲ့ မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article