31 C
Yangon

မင်္ဂလာဒုံတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း လုပ်ထားရန် ကြံ့ဖွတ် အုပ်ချုပ်ရေးမှူး များက ဖိအား ပေးပြီး မလုပ်လျှင် ထောင် ၆ လ ချမည်ဟု ခြိမ်းခြောက်၊ ရွေးကောက်ပွဲရှိလာလျှင် မဲပေးရမည် ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အိမ်တိုင်းနှင့်လူတိုင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ရှိရမည်ဖြစ်ပြီး မရှိသူများအနေဖြင့် ချက်ချင်း လုပ်ထားရန်၊ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမရှိလျှင် ထောင် ၆ လ ချမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူး အသစ်များက ခြိမ်းခြောက် နေကြောင်း‌ ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မင်္ဂလာဒုံမှာ လူတိုင်းမှတ်ပုံတင်နဲ့ သန်ခေါင်စားရင်းလုပ်ဖို့ဆိုပြီး မိုက်နဲ့လိုက်အော်နေပါတယ်။ မလုပ်ရသေးရင် ထောင်၆လ ချမယ်ဆိုပြီး ပြောပါတယ်။ ခုဆို ရပ်ကွက်တွေထဲ သန်းခေါင် စာရင်း တစ်ခုရဖို့ကို ၁သိန်းကနေ ၁သိန်းခွဲကြားပေးမှ အမြန်ရပါတယ်။ ငွေမပေးရင် မရပါဘူး။ အခုဆို အိမ်ငှားနေတဲ့သူတွေလည်း နယ်တွေ တော်တော်များများပြန်ကုန်ကြသလို မင်္ဂလာဒုံမှာ ရှိတဲ့ ပြည်သူ အများစုကလည်း ဒီ သန်ခေါင်းစာရင်း ကိစ္စနဲ့ အတော် အာရုံနောက်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံတွင် စက်ရုံအများစုရှိနေသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ အများစု နေထိုင် ကြကြောင်း၊ အလုပ်သမားများအားလုံးကို မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ အမြန်ဆုံးပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဖိအားပေးနေခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းလုပ်ရန် ရပ်ကွက်ထောက်ခံချက်အဖြစ် ငွေ ၁ သောင်းမှ ၅ သောင်းအထိ ရပ်ကွက်များက တောင်း ယူနေ ကြောင်း သိရှိရသည်။

“ကျနော်တို့က ဧရာ၀တီတိုင်းဘက်ကလာပြီး အလုပ်လုပ်နေတာ။ သန်းခေါင်စာရင်းက ဧရာ၀တီ တိုင်းဘက်မှာ အဲဒါကို ရာအိမ်မှူးက ခေါ်ပြောတယ်။ ဧည့်စာရင်းနဲ့ ဧရာ၀တီတိုင်းသန်းခေါင်စာရင်းနဲ့ ရေရှည် နေလို့မရဘူး။ တရားမဝင်ဘူး။ အခုလက်ရှိ နေတဲ့ မြို့နယ်မှာ သန်းခေါင်စာရင်း လျှောက်ခိုင်း တယ်။ သန်းခေါင်စာရင်းလျှောက်တော့ ရပ်ကွက် ထောက်ခံစာ ၅၀၀၀ တောင်းတယ်။ နောက်ပြီး နေထိုင်ခွင့်မှာ သန်းခေါင်စာရင်း လျှောက်ထားဆဲဆိုပြီး ထောက်ခံ စာ တစ်စောင် အတွက် နောက်ထပ် ၅၀၀၀ ထပ်တောင်းတယ်။ တောင်းသလောက်ပေးရတာပဲ။ အဲဒါတွေ မလုပ်ရင်တော့ ထောင် ၆ လ ချမယ်လို့ ပြောပါတယ်” ဟု မင်္ဂလာဒုံစက်မှုဇုန်တွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်း အလုပ် သမားတစ်ဦးက ရှင်းပြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးများက အစည်းအဝေးများ ခေါ်ယူပြီး ရွေး ကောက်ပွဲရှိ လာပါက မဲပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်သည် မဲပေးရေး ဖြစ်ကြောင်း၊ မဲမပေးလျှင် ဥပဒေအရ အရေးယူခံရမည် ဟု ပြည်သူများကို ခေါ်ယူပြော ဆိုမှုများရှိကြောင်း သိရှိရသည်။

“ရပ်ကွက်လူကြီးတွေက အစည်းအဝေးရှိတယ်ဆိုပြီး တစ်အိမ်တစ်ယောက် ခေါ်ပါတယ်။ ရပ်ရေးရွာရေး ဖြစ်မယ်ထင်ပြီး အကုန် သွားတယ်။ အစည်းအဝေးဆိုပြီး ကြက်ဥ ကဒ်တွေဗန်းပြ တက်တဲ့လူ ပေး မယ် လို့ စည်းရုံးတယ်။ ဟိုရောက်တော့ မဲ ပေးဖို့ စည်းရုံးတယ်။ ရဲ အရာရှိ စစ်အရာရှိ ၂ ဦး၊ ၃ ဦး ပါမယ်။ NLD မပါရင်လည်း ရွေးကောက်ပွဲမှာ ဘယ်ပါတီဖြစ်ဖြစ် မဲပေးလို့ရတယ်။ အစည်း အဝေးပြီး တော့ ကြက်ဥကတ် တွေကို မဲဖောက်ပေးတယ်” ဟု မင်္ဂလာဒုံမြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မင်္ဂလာဒုံမြို့နယ် လ၀ကရုံးတွင် မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း လုပ်ရန် တန်းစီနေကြရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article