28 C
Yangon

မလှိုင်တွင် ဒုဗိုလ်မှူးကြီး ရဲလင်းအောင်၏ လိမ်လည် အမှုဖွင့်မှုကြောင့် တောင်ရိုးတဲရွာမှ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်မှ ထောင်ဒဏ် ၅၇ နှစ် အထိ ပြစ်ဒဏ်များချမှတ်

Must read

မလှိုင်တွင် ဒုဗိုလ်မှူးကြီး ရဲလင်းအောင်၏ လိမ်လည် အမှုဖွင့်မှုကြောင့် တောင်ရိုးတဲရွာမှ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်မှ ထောင်ဒဏ် ၅၇ နှစ် အထိ ပြစ်ဒဏ်များချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် ဒုဗိုလ်မှူးကြီး ရဲလင်းအောင်၏ လိမ်လည် အမှုဖွင့်မှုကြောင့် တောင်ရိုးတဲရွာမှ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်မှ ထောင်ဒဏ် ၅၇ နှစ် အထိ ပြစ်ဒဏ်များကို မိတ္ထီလာအကျဉ် းထောင် တွင်း တရားရုံးက ချမှတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင်မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ဆည်တိုတိုက်နယ်၊ လယ်ဗျားအုပ်စု၊ တောင်ရိုးတဲကျေးရွာမှ ဦးသိန်းတန်(ခ) ကိုနိုင်ကြီး၊ ကိုဝင်းမြိုင်၊ ဒေါ်အောင်မေကြည်၊ ကိုမောင်ပု၊ ကိုသန်းဝင်းစိုး၊ ကိုညွှန့်လှိုင်၊ ကိုဝင်းဇော်၊ ကိုထွန်းကြိုင်၊ ကိုမောင်လွင်၊ မနွယ်ဝင်းနှင့် ကိုမောင်ဝင်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် မိတ္ထီလာအကျဉ်းထောင်တွင်း တရားရုံးမှ တရားသူကြီး ရန်နိုင်အောင်က ထောင်ဒဏ် ၁၅ နှစ်မှ ၅၇ နှစ်အထိ ပြစ်ဒဏ်များချမှတ်ခြင်းဖြစ်ကြောင်း၊ ဧပြီလ ၉ ရက်နေ့တွင် အမှု ၃ မှုဖြင့် မတရားဖမ်းဆီးအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၈ လအကြာတွင် ထောင်ဒဏ်များ ချမှတ်ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီက တောင်ရိုးတဲကျေးရွာမှ ပြည်သူ ၁၁ ဦးကို နှစ်ရှည် ထောင်ဒဏ်များချမှတ်ရာတွင်

၁- ဦးသိန်းတန် (ခ)ကိုနိုင်ကြီးကို ထောင်ဒဏ် ၅၇ နှစ်

၂-ကိုဝင်းမြိုင်ကို ထောင်ဒဏ် ၅၂ နှစ်

၃-ဒေါ်အောင်မေကြည်ကို ထောင်ဒဏ် ၂၅ နှစ်

၄-ကိုမောင်ပုကို ထောင်ဒဏ် ၁၅ နှစ်

၅-ကိုသန်းဝင်းစိုးကို ၁၅ နှစ်

၆- ကိုညွှန့်လှိုင်ကို ထောင်ဒဏ် ၁၅ နှစ်

၇-ကိုဝင်းဇော်ကို ထောင်ဒဏ် ၁၅နှစ်

၈-ဦးထွန်းကြိုင်ကိုထောင်ဒဏ် ၁၅နှစ်

၉-ကိုမောင်လွင်ကို ထောင်ဒဏ် ၁၅နှစ်

၁၀-မနွယ်ဝင်းကို ထောင်ဒဏ် ၁၅နှစ်

၁၁-ကိုမောင်ဝင်းကိုထောင်ဒဏ် ၁၅ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်မေကြည်က မလှိုင်က သားဖွားဆရာမ ။ ကျန်တာတွေက မလှိုင်မြို့နယ် တောင်ရိုးတဲလယ်ဗျားက ရွာသားတွေပါဗျ။ မတရားဖမ်းဆီးခိုင်းတာက ဒုတိယဗိုလ်မှူးကြီး ရဲလင်းအောင်နဲ့ မလိုင်မြို့နယ် ဖိုးကြွယ်ရွာသား တောင်ရိုးတဲရွာ မင်းကျောင်း ဘုန်းကြီး ဦးကောမလ ဗိုလ်ကော၊ မိန်းမရှုပ်တယ် ၊ အရက်သောက်တယ် ရပ်ရွာကိုလည်း စစ်တပ်နဲ့ ပေါင်းပြီး ရွာသားတွေကို ဒုက္ခပေးနေတာဖြစ်ပါတယ်။ ပြီးတော့ သန်းဝင်း။ သူက အရင်က လယ်ဗျားအုပ်ချုပ်ရေးမှူးဟောင်း ဒလံ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ဗိုလ်ကောက စစ်သားတွေကို ဘုန်းကြီးကျောင်းမှာ လုံခြုံရေးအရ ခေါ်ယူထားပါတယ်။ စတင်ဖမ်းဆီးတဲ့ အချိန်တုန်းက မိတ္ထီလာ စရဖက စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ ပြည်သူများကို ဖမ်းဆီးခိုင်းခဲ့သူ ဒုဗိုလ်မှူးကြီးရဲလင်းအောင်မှာ မလှိုင်မြို့နယ် ဖိုးကြွယ်ကျေးရွာမှ ဖြစ်ပြီး မလှိုင်မြို့နယ်တွင် ၎င်းနှင့် ရန်ငြှိုးရန်စရှိသူ၊ ၎င်းကြည့်မရသူများကို PDF ထောက်ပံ့သူများဟု အမည်တပ်၍ မတရား ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသွားများမှာ ကြံ့ဖွတ်ပါတီကို မထောက်ခံ၍ လုပ်ကြံအမှုဆင်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ သက်သေအထောက်အထား မခိုင်လုံဘဲ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထောင်ဒဏ်များ အမိန့်ချမှတ်ပြီးနောက် ပြည်သူ ၁၁ ဦးကို မိတ္ထီလာအကျဉ်းထောင်မှ မန္တလေးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးခံပြည်သူများ၏ မိသားစုဝင်များက အယူခံ အဆင့်ဆင့်တင်သော်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခံ ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ကား၊ ဆိုင်ကယ်များကို သိမ်းယူခြင်း၊ ပိုင်ဆိုင်မှုများကို မတရား သိမ်းယူခြင်းများ လုပ်ဆောင်ခဲ့သည့် အတွက် မိသားစုဝင်များမှာ နေစရာမရှိဘဲ ဒုက္ခကြုံတွေ့နေရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

ရွာသားများကို မတရားဖမ်းဆီးခိုင်းသည့် ဒုဗိုလ်မှူးကြီး ရဲလင်းအောင်ဆိုသူသည် ၎င်းကိုယ်တိုင်မှာလည်း စစ်တပ်မှ ရသမျှ အမြတ်ထုတ်ခြင်းနှင့် လိမ်လည်မှုများ လုပ်ဆောင်သူဖြစ်ကြောင်း၊ အလုပ်သင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၂၈ တက်ရန် ဖခင် အမည်ဖြည့်ရာတွင် အဖေအရင်းမှာ ပြစ်မှုကျူးလွန်ထားသော ရာဇဝတ်မှု မှတ်တမ်းရှိနေ၍ ဦးလေး ဖြစ်သူနာမည်ကို အဖေအဖြစ် ထည့်သွင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ဒုဗိုလ်မှူးကြီး ရဲလင်းအောင်သည် ကချင် ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ရှိ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

ဓါတ်ပုံ- စစ်တပ်၏ မတရားပြစ်ဒဏ်ချမှတ်ခံရသည့် ပြည်သူ ၁၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article