34 C
Yangon

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ကြိုဆို

Must read

ရန်ကုန် | ဒီဇင်ဘာ ၂၂

မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် – ၂၆၆၉ ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က မနေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပြောဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့အရေး အကြပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာစစ် အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူတွေကို ဖိနှိပ်ချုပ်ခြယ်တာနဲ့ အကြမ်းဖက်တာတွေ တိုးမြှင့်လုပ်ဆောင်လာခြင်းကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်း တစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တိုက်တွန်းတဲ့ အဆိုမူကြမ်းကို မနေ့က (ဒီဇင်ဘာလ ၂၁ရက်) ကုလ လုံခြုံရေးကောင်စီမှာ ကန့်ကွက်သူမရှိ အတည်ပြု့နိုင်ခဲ့တာဖြစ်ပြီး ဒါကို အမေရိကန်အစိုးရက ကြိုဆိုခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထား မှုအကူအညီတွေကို အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုဖို့၊ လူနည်းစုအသိုက်အဝန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ဒီမိုကရေစီလိုလားတောင့်တမှုတွေကို လေးစားဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ပေးပို့တဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အခုဆုံးဖြတ်ချက်ကို အမေရိကန်က ချီးကျူးပေမယ့် မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေအတွက် တရားမျှတတဲ့ ဖြေရှင်းမှုတစ်ခုပေါ်ပေါက်လာစေရန်ကို လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေသေးတယ်လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။

အခုအခွင့်အရေးကိုအသုံးချပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ တခြားနည်းလမ်းသစ်တွေရှာဖွေရေး၊ အာဏာရှင်အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေရေး နဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့ အားထုတ်နေတဲ့ အာဆီယံအဖွဲ့အစည်းကို အားပေးထောက်ခံရေးတို့ကို ဆောင်ရွက်သင့်တယ်လို့ အန်တိုနီ ဂျေ ဘလင်ကန်က သူ့ရဲ့ သတင်းထုတ်ပြန်မှုမှာ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒါဟာ မြန်မာနိုင်ငံနဲ့ပက်သက်ပြီး ၇၂နှစ်တာကာလအတွင်း ပထမဆုံး ဆုံးဖြတ်ချက်အတည်ပြု့နိုင်ခဲ့တာဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံထဲက တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကြားနေခဲ့ကာ ကျန်အဖွဲ့ဝင်နိုင်ငံတွေ ထောက်ခံမဲနဲ့ အတည်ပြုနိုင်ခဲ့ တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article