34 C
Yangon

မြောင်နှင့် ဒီပဲယင်းတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးထိခိုက် ဒဏ်ရာရကာ စိုးရိမ်ရ

Must read

မြောင်နှင့် ဒီပဲယင်းတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးထိခိုက် ဒဏ်ရာရကာ စိုးရိမ်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် အရွယ်ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် ဧရာဝတီမြစ်အရှေ့ ဘက်ကမ်း မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ မြောင်​မြို့နယ်၊ ညောင်ကားယားကျေးရွာ အတွင်း ၆၀ မမ ၃ လုံး၊ အတွဲလိုက် အီနာဂါများအား ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံးတွင်ရှိနေသော မြေးအဖွား ၂ ဦး ရှေ့သို့ ကျရောက် ပေါက်ကွဲမှုကြောင့် အဖွားဖြစ်သူလည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိကာ အသက် ၄ နှစ်အရွယ် ကလေးငယ်မှာ ဆေးကုသမှု ခံယူရန်သွားရောက်စဥ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

“ဖြစ်ဖြစ်ချင်း ရပ်ရွာ ကာကွယ်ရေးအဖွဲ့တွေက သတင်းပေး အကူအညီ တောင်းလာကြတော့ ကျေးရွာကာကွယ်ရေး အဖွဲ့တွေနဲ့အတူ ဒဏ်ရာရ ပြည်သူတွေကို အချိန်မီ ကုသနိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ အသက်လုကုရမယ့် ထိခိုက်သူတွေရှိလို့ နွေဦးရောင်နီဆေးခန်းကို ဆက်လက် ပို့ဆောင်ချိန်မှာ ကလေးငယ်လေးက လမ်းမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အဖွားမှာလည်း ဒဏ်ရာပြင်းထန်လို့ ကြိုးစားကုရမယ့် အခြေနေဖြစ်တဲ့အတွက် မြေးကလေးဆုံးပါးသွားတာကို မသိသေးပါဘူး” ဟု မြောင်မြို့နယ် CDSOM အဖွဲ့မှ ကိုနွေဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ဘုရားထွက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပျံကျရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကြည်ဘုရားထွက်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် မသိမ့်ရတာနာစိုး (ခ) မဖွေးဖွေးသည် ဗိုက်ပေါက်ထွက်ခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်ငွေဖြိုးက ကျည်စ ဖောက်ဝင်ပြီး ဒူးခေါင်းပါ ထိခိုက်ခဲ့ကြောင်း၊ ကျန်ကလေးငယ် ၁ ဦးသည် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article