32 C
Yangon

ရန်ကုန်တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ကားများကို စစ်တပ်နှင့်ရဲက အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီက ယနေ့ ရန်ကုန်တစ်မြို့လုံးကို လုံခြုံရေးတင်းကျပ်ထားပြီး အများပြည်သူများ သွားလာနေသည့် ကားများကို ဖမ်းဆီးကာ အကြောင်းမဲ့ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တစ်နေလုံး မင်္ဂလာဒုံ၊ လှည်းကူး လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ ရန်ကုန်မြို့လယ် ၆ မြို့နယ် အပါအဝင် နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကျပ်ထားကြောင်း၊ မင်းအောင်လှိုင် လာရောက်မည်ဆိုသော သတင်းများထွက်ပေါ်နေသကဲ့သို့ ရန်ကုန်မြို့ရှိ စစ်ကောင်စီရုံးများနှင့် တပ်ရင်းများ တိုက်ခိုက်မှုများ ရှိနိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် လုံခြုံရေးတင်းကျပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်တာက မင်းအောင်လှိုင်လာမယ်ဆိုတဲ့သတင်းတွေလည်း ထွက်တယ်။ မြို့ပြတိုက်ခိုက်မှုတွေ ဖြစ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်တယ်။ ရှော့တိုက်ဒုံးအပစ်ခံရတာတွေကလည်း ဆက်တိုက် ဖြစ်နေတော့ အဲဒါတွေ ကြောင့် လုံခြုံရေးတင်းကျပ်တာထင်ပါတယ်။ ပြီးတော့ စိန်ရတု လွတ်လပ်ရေးနေ့လည်း နီးလာတော့ နေရာတိုင်းမှာ လုံခြုံရေးတွေ များနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်း အင်းစိန်မြို့နယ်၊ သမကုန်းတွင် ဂိတ်များချ၍ မြင်သမျှ ကားများကို ဖမ်းဆီးကာ စစ်တပ်နှင့်ရဲများက ငွေညှစ်မှုများ လုပ်ဆောင်ကြောင်း၊ လှိုင်သာယာ၊ ကြည့်မြည့်တိုင် တစ်လျှောက်လုံးတွင်လည်း လုံခြုံရေး များပြား ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်ပိုင်းကတည်းက လှိုင်သာယာ အပိုင်း ၆ ကမ်းနား ကြည့်မြင့်တိုင် ငါးစျေး မျက်စောင်းထိုးဘက်အခြမ်း လှိုင်သာယာဘက်ကမ်း က ကမ်းနားအကုန်လုံး ကို စခ တွေ ရခ တွေ လက်နက်အပြည့်အစုံပဲ။ ခွေး အင်အား ၁၀၀ ကျော်လောက်နဲ့ ကို အပိုင်း ၆ ကမ်းနား တစ်ပိုင်းလုံးကို ပိတ်ထားခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ကမာရွတ်မြို့နယ် ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ နာနတ်တောလမ်း၊ ဟံသာဝတီလမ်းတလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစောင့်နေပြီး ကင်းလှည့်သည့်စစ်ကား၊ ရဲကားများ ပတ်နေကြောင်း သိရှိရသည်။

“ဒီနေ့ ဘာရှိလို့လဲ တပ်ရော ရဲရော နေရာတိုင်းမှာစစ်နေတာ။ ဘာဖြစ်နေကြလဲတော့မသိ။ သာမန်ထက်ထူးခြားနေတယ်။ လမ်းတွေပေါ်မှာ လူတွေကို သံသယမျက်လုံးတွေနဲ့ လိုက်ကြည့်နေတာ စစ်တပ်နဲ့ရဲက ။ ရန်သူလိုကို ကြည့်နေတာ။ စားမတတ် ဝါးမတတ်ပဲ။ ကမာရွတ်ဘက်မှာလည်း နေရာတိုင်းသူတို့တွေချည်းပဲ” ဟု ရန်ကုန်တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ယနေ့ စကားပြောစက် ဆက်သွယ် ပြောဆိုချက်အသံဖိုင်တွင် ရန်ကုန်မြို့နေရာအများအပြားတွင် လုံခြုံရေးဂရုစိုက်ကြရန်နှင့် မသင်္ကာမှုများ တွေ့ရှိရလျှင် အထက်သို့ တင်ပြ လမ်းညွှန်မှု ခံယူရန် အမိန့်မှာကြားမှုများ ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article