30 C
Yangon

ရုရှားတိုက်လေယာဉ်သစ် SU-30 များကို မင်းအောင်လှိုင် စိတ်မချဖြစ်နေပြီး လေတပ် နှစ်ပတ် လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှ ဝယ်ယူထားသော တိုက်လေယာဉ်သစ် SU-30 များကို စိတ်မချဖြစ်နေပြီး မိတ္တီလာလေတပ်တွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတု လေ တပ်နှစ်ပတ်လည်ပွဲတွင် SU-30 တိုက်လေယာဉ်သစ်များကို ရုရှားလေယာဉ်မှူးများဖြင့်သာ ဦး ဆောင် မောင်းနှင်ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်တွင် ၇၅ နှစ်မြောက် စိန်ရတု လေတပ်နှစ်ပတ် လည် အခမ်းအနားတွင် ရုရှား SU-30 တိုက်လေယာဉ်အားလုံး အလှပြ ပျံသန်း မည်ဖြစ်ပြီး ရုရှားတိုက်လေယာဉ်မှူးများက ဦးဆောင်မောင်းနှင်ကြမည်ဖြစ်ကြောင်း၊ မြန်မာ စစ်လေယာဉ်မှူးများက အကူလေယာဉ်မှူးများအဖြစ်သာ လိုက်ပါ မောင်းနှင်ကြမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။

“ဒီဇင်ဘာ ၁၅ ရက်နေ့ လေတပ်နှစ်ပတ်လည်မှာ ရုရှား Su-30 တိုက်လေယာဉ်တွေ သရုပ်ပြပျံသန်းကြမှာဖြစ်ပါတယ်။ ရုရှားလေယာဉ်မှူးတွေက အဓိက လေယာဉ်မှူးတွေအဖြစ် တာဝန်ယူပြီး မြန်မာစစ်အရာရှိလေယာဉ်မှူးများက လေယာဉ်မှူးအကူအဖြစ် နောက်ခုံမှာထိုင်ကြမယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေက SU-30 တိုက်လေယာဉ်သစ် တွေကို သဲသဲလှုပ် ဖြစ်နေကြတယ်။ စိုးရိမ်နေကြတာ။ လေယာဉ်တွေထိခိုက်မှုဖြစ်မှာ အရမ်းစိုးရိမ်တာ။ စိန်ရတု နှစ်ပတ်လည်ပွဲမှာ ကြေညာရင်တော့ မြန်မာစစ်လေယာဉ်မှူးတွေမောင်းတယ်လို့ ကြေညာပြီး လိမ်ကြမှာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

လေတပ်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းမောင်မောင်ကျော်၏ တပည့်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးသည် ရုရှားတိုက်လေယာဉ် SU-30 တိုက်လေယာဉ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သော်လည်း ၎င်းကိုယ်တိုင်ပင် ရုရှားတိုက်လေယာဉ်မှူး ဦးဆောင်မောင်းနှင်မည့် SU-30 တိုက်လေယာဉ်တွင် အကူလေယာဉ်မှူးအဖြစ်သာ လိုက်ပါမည်ဖြစ်ကြောင်း သိရှိရသည်။

“Su-30လေယာဉ်အုပ်စု အုပ်မှူး အဖြစ် တင်မြောက်ခံထားရတဲ့ ဒုဗိုလ်မှူးကြီးခန့်နေသွေးက ရုရှားမှာ Su-30 လေ ယာဉ်မောင်း သင်တန်းတက်ရောက်ပြီးစီးပေမယ့် တပ်ချုပ်က စိတ်မချလို့ ဒီလိုနိုင်ငံတော်အဆင့်ပွဲမျိုးတွေမှာ မောင်းနှင်ခွင့်မရပါဘူး။ အခု ဒီဇင်ဘာ ၁၅ ရက်နေ့ လေယာဉ်တွေ တပ်တော်၀င်ပွဲမှာ ရုရှားလေယာဉ်မှူးကမောင်းနှင်ပေးတ,ယ်။ Su-30 တိုက် လေယာဉ်မှာ အုပ်မှူးခန့်နေသွေးက တိုက်လေယာဉ် နောက်ခုံမှာ ထိုင်စီးရမယ်”ဟု လေတပ် သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားလေယာဉ်သစ်များကို လွန်စွာ တန်ဖိုးထားနေ၍ အောက်ခြေ စစ်ကောင်စီလေတပ်တပ်သားများနှင့်အရာရှိများမှာ ရုရှားတိုက်လေယာဉ်သစ်များကို မတို့ရဲ မကိုင်ရဲ ဖြစ်နေကြကြောင်း သိရှိရသည်။

Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏ အုပ်မှူးအဖြစ် မိန်းမရှုပ်မှုဖြင့် ရာထူး ပြုတ်သွားခဲ့သော လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ တပည့်အရင်းဖြစ်သူ ဒုဗိုလ်မှူး ကြီးခန့်နေသွေးကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Su-30 ရုရှားတိုက်လေယာဉ်များသည် လေယာဉ်ဆီ အလွန်သုံးစွဲရသည့် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး အုပ်မှူး ခန့်နေသွေးသည် ဆီခိုးမှုများဖြင့် လေတပ်၏ ချမ်းသာသူစာရင်းဝင် သူဌေးတစ်ဦး ဖြစ်လာနေသည်ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

ဒုဗိုလ်မှူးကြီးခန့်နေသွေးသည် ၎င်း အုပ်ချုပ်ရသော Su-30 တိုက်လေယာဉ်များမှ လေယာဉ်ဆီများကို ခိုးယူလျက်ရှိပြီး တစ်ပတ်လျင် သိန်း ၃၀၀ ခန့်ရရှိကြောင်း၊ ၎င်း၏ လစဉ်လေယာဉ်ဆီခိုးရောင်းမှုမှာ တစ်လလျင်သိန်း ၁၀၀၀ ကျော်ခန့်ရရှိကြောင်း သိရှိရသည်။

“ဒုဗိုလ်မှူးကြီး ခန့်နေသွေးက သိန်း ၈၀၀ တန် Toyota Rush တစ်စီး၊ တရုတ်ကား ,Soueast ကားတစ်စီး၊ ရန်ကုန်ကန်တော်လေး ၈၈ လမ်းမှာ တိုက်ခန်းတစ်ခန်း၊ ရန်ကုန် ဗဟန်းမှာ တိုက်ခန်းတစ်ခန်း,၀ယ်ယူထားပါတယ်။ သူရဲ့မိန်းမ ဒေါ်စိမ့်စိမ့်လွင်က တပ်ထဲမှာလိုက်ပါနေထိုင်ရခြင်းမရှိဘဲ ရန်ကုန်မြို့မှာသာနေထိုင်၍ တစ်လတစ်ခါ ဆီခိုးရောင်းရငွေ ပိုက်ဆံများလာသိမ်းကာ ရန်ကုန်သို့ပြန်လေ့ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစfတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ-ရုရှားထုတ် Yak-130 လေယာဉ်များကို စမ်းသပ်မောင်းနှင်သည့်ပုံစံ ဟန်ရေးပြနေသည့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article