30 C
Yangon

ရေး၊မုံရွာနှင့် ရွှေဘိုတို့တွင် စစ်ကြောင်းများနှင့် ကင်းစခန်းများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၉ ဦးခန့်သေဆုံး

Must read

ရေး၊မုံရွာနှင့် ရွှေဘိုတို့တွင် စစ်ကြောင်းများနှင့် ကင်းစခန်းများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၉ ဦးခန့်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်းနှင့် ဆိုင်ကယ်များကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးခန့်သေဆုံးခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၁၂ မိနစ်တွင် ကြိုးတံတားရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို YGF တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များကို သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးခန့်ဆုံးခဲ့ကြောင်း သိရသည်။

ည ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ဓမင်းဆိပ်ရွာလမ်းမကြီးပေါ်၌ မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်မှ ဆိုင်ကယ် ၃ စီးကို YGF တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ် ကင်းစခန်းကို သွားတိုက်တာ စစ်ခွေး ၇ ကောင်လောက်သေတယ်။ စခန်းသိမ်းခံနီးမှာ ခလရ ၅၈၈ က ကောင်တွေ လက်နက်ကြီး ပစ်ကူပေးလို့ ပြန်ဆုတ်ခဲ့ရတယ်။ စစ်ခွေး ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲတာလဲ ၁ ကောင်သေတယ်” ဟု YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်တွင် အင်အား၂၀ ခန့်ဖြင့် ဗန်ကာတည်ဆောက်ပြီး တပ်စွဲထားကာ လမ်းသွားလမ်းလာ ပြည်သူများကို အဓမ္မ ဖမ်းဆီးငွေကြေးကောက်ခံနေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂ (Monywa Special ဒိတ်ဒိတ်ကြဲ PDF ၊ မုံရွာရိုင် တပ်ရင်း ၄ 5/ Teachers People Defence Force PDF ၊ Area 71 Defence Force (Monywa) ၊ People’s Defence Force –South Monywa နှင့်ဒေသခံအဖွဲ့အစည်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်သားများနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးကြောင်း ShweBo Federal Army SBFA တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပျူစောထီးများကို ကာကွယ်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့သော​​ကြောင့် ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နှင့် မြင့်ခိုင်တို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး ရွာထဲသို့ ပြေးဝင်သွားကာ စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက Drone စစ်ကူစစ်ကြောင်းကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေဘိုမြို့နယ် အနောက်ခြမ်း တည်သီးတောရွာရှိ ပျူစောထီးများကိုလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

“သေဆုံးစာရင်းကတော့ တည်သီးတောက ပျူ ၁ ကောင်တော့ သေတယ်လို့သိရပါတယ်။ သီးလုံးရွာက သေစာရင်းကတော့ အတည်မပြုရသေးပါဘူးဗျ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ShweBo Federal Army SBFA အဖွဲ့နှင့် တိုက်နယ် ၂ မဟာမိတ်ညီနောင် အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article