32 C
Yangon

အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းပြီး စီးပွားရေးတွေ လုပ်ကိုင်နေလို့ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို IFC ရုပ်သိမ်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မှာ ဖြစ်ကြောင်း တိကျတဲ့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Justice for Myanmar က ဒီဇင်ဘာလ ၂၀ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ IFC နဲ့ ရိုးမဘဏ်တို့ရဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတဆင့် Justice For Myanmar ကအသေးစိတ် အတည်ပြုထားခြင်း ဖြစ်ပါတယ်။

ရိုးမဘဏ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီးပိုင် စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေ ထုတ်ချေးတာ၊ စစ်တပ်ပိုင် လုပ်ငန်းတွေဖြစ်တဲ့ Mytel အော်ပရေတာအတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ချေးငွေ ထုတ်ချေးမှုတွေ အပါအဝင် စစ်တပ်ပိုင်ဘဏ်တွေအတွက် ငွေလွှဲလုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမဘဏ်ကို ဆာ့ချ်ပန်း(ခ) ဦးသိမ်းဝေက ပိုင်ဆိုင်ပြီး သန်လျင်မြို့က ကြယ်စင်အိမ်ရာစီမံကိန်း ၊သီလဝါ အထူးစီးပွားဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင် ရင်နှီးမြှပ်နှံလျှက်ရှိတဲ့ ထိပ်သီးကုမ္ပဏီကြီး ဖြစ်ပါတယ်။

အိမ်ခြံမြေ၊ဆောက်လုပ်ရေး၊ ပြည်ပက မော်တော်ယာဉ်တင်သွင်းခြင်းလုပ်ငန်း၊ စိုက်ပျိူးရေးလုပ်ငန်း၊ နာမည်ကြီး KFC နဲ့ပူးပေါင်းပြီး စားသောက်ကုန် လုပ်ငန်းတွေကို ပြည်တွင်းမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းစုကြီးတစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိရန်ကုန် စတော့ အိတ်ချိန်းမှာလည်း ရိုးမဘဏ်ဟာ First Myanmar Investment (FMI) အဖြစ် စာရင်ဝင်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိရင်းနှီးမြှပ်နှံမှုတွေကို ရုပ်သိမ်းတော့မယ့် IFC က ရိုးမဘဏ်ရဲ့ ၄.၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပြီး၊ သူ့ရဲ့ အစုရှယ်ယာအားလုံး First Myanmar Investment (FMI) ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီတန်ဖိုးဟာ IFC က ၂၀၁၉ ခုနှစ်မှာ သူတို့ရဲ့ ၂၀၁၄ ခုနှစ် ချေးငွေ ကို ဘဏ်အစုရှယ်ယာ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရာမှာ အသုံးပြုခဲ့တဲ့ တန်ဖိုးနဲ့တူညီနေတာ ဖြစ်ပါတယ်။

ရိုးမအုပ်စုဟာ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် IFCလို အဖွဲ့အစည်းကြီးက နှုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ရိုးမဘဏ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ Pinnacle Asia ကို ချေးငွေတစ်ရပ် ထုတ်ချေးခဲ့ပါတယ်။

အဲဒီချေးငွေဟာ စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ကုမ္ပဏီကို ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ အထောက်အထားတွေအရ တွေ့ရှိခဲ့ပါတယ်။

ရိုးမဘဏ်ဟာ Mytel ပိုင်ရှင်ဖြစ်တဲ့ Telecom International Myanmar အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ကို ၂၀၂၂ ခုနှစ် မတ်လအထိ သိမ်းဆည်းထားပေးခဲ့တယ်လို့ Justice for Myanmar က ထုတ်ဖော်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း Distributed Denial of Secrets က စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မှတ်တမ်းတွေ ဖွင့်ချခဲ့ရာမှာ ရိုးမဘဏ်က ငွေလွှဲပေးပို့မှု ၂၀၀ ကျော်ရှိခဲ့ပါတယ်။

အင်း၀ဘဏ် ရဲ့မူရင်း ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အမေရိကန်၊ အီးယူ၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာပါ။ ဒါ့ကြောင့် ရိုးမဘဏ်ဟာ စစ်တပ်ပိုင်ဘဏ်တွေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လွတ်ကင်းအောင် ကူညီပေးနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီလို ဖြစ်ရပ်တွေနဲ့ တစ်ဆက်တည်းမှာပဲ သြစတြေးလျဘဏ် ANZ ဟာ အင်း၀ဘဏ်နဲ့ ငွေလွှဲငွေယူကိစ္စရပ်တွေကို ဖော်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရိုးမအုပ်စုဟာ Serge Pun (ခ) ဦးသိမ်းဝေက ဦးဆောင်ပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက် နောက်ခံ ပြုထားတာဖြစ်ပြီး အရပ်သား အစိုးရလက်ထက်မှာ လုပ်ငန်းတွေပိုပြီး တိုးချဲ့နိုင်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံရဲ့ နိုင်ငံပိုင် ဓနရန်ပုံငွေ GIC အဖွဲ့ဝင်ဖြစ်တဲ့ Greenwood Capital က ရိုးမဘဏ်ရဲ့ ၁၉.၇ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားသလို နော်ဝေးဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်တဲ့ Norfund က ၁၀.၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

FMI ဟာ ဟောင်ကောင်က ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pun Holdings (HK) Limited နဲ့ အရောင်းအဝယ် ပြုလုပ်ပြီး IFC ရဲ့ ရှယ်ယာတွေကိုလည်း ပြန်လည်ဝယ်ယူလျှက်ရှိနေတာပါ။

ဒါပေမယ့် နောက်ကွယ်က ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ရိုးမအုပ်စုဟာ စစ်ကောင်စီအတွက် အထောက်အပံ့ စီးပွားရေးလုပ်ငန်းတွေ အဖြစ် ရပ်တည်လုပ်ကိုင်ပေးနေခြင်းလည်း ဖြစ်ပါတယ်။

Yoma အုပ်စုအနေနဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ကြီးစွာပတ်သတ်နေခြင်းအပေါ်လည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတာကြောင့် IFC က နှုတ်ထွက်သွားခြင်းလည်း ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတာကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး ရိုးမဘဏ်ကနေ တာဝန်သိစွာ နှုတ်ထွက်ဖို့ IFC ကို တိုက်တွန်းတောင်းဆိုပါတယ်” လို့ဆိုပါတယ်။

IFC အနေဖြင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းမြေနေရာပေါ်မှာ တည်ဆောက်ထားတဲ့ Sule Square မှာ ရုံးခန်းငှားရမ်း အသုံးပြုနေတာကိုလည်း အမြန်ဆုံး ရပ်တန့်ရမှာဖြစ်ပြီး၊ စစ်အုပ်စုနဲ့ ဆက်စပ်ပတ်သတ်နေတဲ့ ပြည်ပလုပ်ငန်းတွေမှန်သမျှ အမြန်ဆုံးနှုတ်ထွက်တာ ၊ ရင်းနှီးမြှုပ်နှံမှုတွေကနေ ရပ်ဆိုင်းဖို့ အရေးကြီးကြောင်း Justice for Myanmar ကတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

ရိုးမဘဏ်ရဲ့ အခြား နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြပြီး နှုတ်ထွက်ဖို့ ကျန်ရှိနေသေးတဲ့ Norfund နဲ့ GIC တို့အနေဖြင့်လည်း စီးပွားရေးအရ ဆက်နွယ်မှုတွေကို ဖြတ်တောက်ပြီး၊ တာဝန်ယူမှု တာဝန်ံမှုရှိရှိနဲ့ နှုတ်ထွက်သွားကြဖို့ လိုအပ်ပြီဖြစ်ကြောင်း Justice for Myanmar က ထပ်မံတိုက်တွန်း တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article