32 C
Yangon

အင်းတော်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ အရိုးကျမှ အလောင်းတွေကို ပုတ်ပွလျက် ပြန်တွေ့

Must read

အင်းတော်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ အရိုးကျမှ အလောင်းတွေကို ပုတ်ပွလျက် ပြန်တွေ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကမ်းနီရွာအနီး တောထဲတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သော ပြည်သူ ၈ ဦး ၏ အလောင်းများကို မြေမြှုပ်ထားလျက် ပုတ်ပွ အရိုးကျသည့်အနေအထားဖြင့် ပြန်လည်တွေ့ရှိရကြောင်း Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မကွေးမြို့ အခြေစိုက်၊ တပ်မ ၈၈ လက် အောက်ခံ ခလရ ၃၀၁ စစ်ကြောင်းက နတ်မဟုတ်ကြီးရွာသို့ဝင်ရောက်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း၊ ဖမ်းဆီးခံပြည်သူများကို လက်ပြန်ကြိုးတုတ်ပြီး ၂ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကာ ကျန် ၆ ဦးကို ဦးနှောက်များထွက် ကျသည်အထိ တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း၊ ၃ ဦးကို ကျင်းတစ်ကျင်း၊ ၅ ဦးကို ကျင်းတစ်ကျင်း မြှုပ်နှံ ထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ဆေးကြောင်ပြီး ရောက်လာတဲ့ စစ်ခွေးကို ဖမ်းမိတော့ မေးလိုက်တာ၊ ဖမ်းခံရတဲ့ ပြည်သူတွေ ဘယ်ခေါ် သွားလဲဆိုတော့ သတ်လိုက်ပြီလို့ ပြောလို့ ဝိုင်းရှာကြတာ၊ ဖမ်းပြီး နောက်ရက်လောက်မှာကို သတ်ပစ် လိုက်တာလို့ ထင်တယ်၊ ၈ ယောက်လုံး လက်ပြန်ကြိုးတုတ်ထားတယ်၊ တစ်ချို့အလောင်းတွေဆို အတော်ပုပ်ပွ နေပြီ၊ အရိုးပဲကျန်တော့တယ်ဗျ၊ အရည်တွေလည်းကျနေပြီ” ဟု Indaw Revolution – IR မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်တပ်က သတ်ဖြတ်လိုက်သည့် ပြည်သူ ၈ ဦးမှာ အသက် ၆၀ အရွယ် ဦးကျော်သန်း၊ ဦးကျော်သန်း၏ သားဖြစ် သူ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ ၊ အသက် ၅၀ ကျော် အရွယ် ဦးမင်းနိုင်၊ ဦးကျော်ဌေး ၊ ဦးကျော် ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၆၀ အရွယ် ဦးမြင့်ဖေ နှင့် အသက် ၆၈ နှစ် အရွယ် ဦးသာပြူးတို့ဖြစ်ကြောင်း သိရသည်။

စစ်တပ်က နတ်မဟုတ်ကြီးရွာအတွင်း ဝင်ရောက်စဉ် ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်တစ်လုံးနှင့် စပါးကျည် (တိုက်) တစ်ခုကိုလည်း မီးရှို့သွား ကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၈ ဦးတွင် PDF ရဲဘော် ၃ ဦး၏ ဖခင်နှင့် အစ်ကိုများ ပါသွားကြောင်း သိရသည်။

အင်းတော်တွင် လက်ရှိ စစ်တပ်က ကချင်ပြည်နယ်မှ ဆင်းလာသော စစ်ကြောင်းများနှင့်ပူးပေါင်းကာ အင်းတော်မြို့နယ်၊ မိုးလိုင်းကုန်းကျေးရွာသို့ ရောက်ရှိတပ်စွဲနေကြောင်း၊ တပ်နှစ်ခု ပေါင်း အင်အား ၁၈၀ ခန့်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article