ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း ကိုတိုက်ဂါး MUA (မြောင် ပြည်သူ့ တပ်မတော်)က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြောင်နယ် ကျောက်ရစ်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘုံသာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး အိမ်မွေး တိရိစ္ဆာန်များကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်က ရွှေဘုံသာကျေးရွာကို မီးရှို့ပြီး စခန်းချနေသော ကျောက်ရစ် ရဲစခန်းကို ပြန်လာစဥ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လာရောက် ကောက်ယူသွားပြီးနောက် ကျောက်ရစ် သုဿန်တွင် သဂြိုလ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နယ်ခံ PDF များနှင့် အတူ 11 BRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုတိုက်ဂါး MUA ( မြောင် ပြည်သူ့ တပ်မတော်)က ထုတ်ပြန်ထားသည်။