ရန်ကုန်၊ ဒီဇင်ဘာ ၁၀
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဥ်းသား ၁၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက် စစ်တပ် သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးထဲမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ပြီး အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးကုသမှုမရခြင်းနှင့် ညှင်းပမ်းနှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၉ ဦးအား ပြင်းထန်စွာ ညှင်းပမ်းနှိပ်စက်ပြီး တိုက်ပိတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်ကို အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ရိုက်နှက် တိုက်ပိတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် လူ့အခွင့်ရေးနှင့် ဆိုးဝါးသော ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများကြားမှ ပြည်သူလူထုနှင့်အတူ ကြံ့ကြံ့ခံရပ်တည်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် တိုင်းရင်းသား လူမျိုးစု အသီးသီးပေါ်တွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်အာဏာရှင်သည် တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း မြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုမှသည် တိုင်း၊ ပြည်နယ် အသီးသီးသို့ ဗုံးကြဲတိုက်ခိုက်သည်အထိ တိုင်းပြည်အနှံ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများ၊ ဓာတုဗုံးအပါအဝင်ပြည်သူအများအပြား သေကြေစေနိုင်သော လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများစသော လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြင့် ဖိနှိပ်နေသည်ကို ယနေ့ ပြည်သူလူထုတရပ်လုံး ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်သူလူထု တရပ်လုံးသည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ တရားမျှတခြင်းနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာဥပဒေများ ရပိုင်ခွင့်ရှိသည်နှင့်အညီ ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနှင့်စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးတို့အား မြန်မာပြည်သူများအနေဖြင့် လူ့အခွင့်ရေးအား ပြည့်ဝစွာ လက်ခံရရှိရန်အတွက် ဝိုင်းဝန်းကူညီ လက်တွဲတိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင်ရှိသော လူတဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင်သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျက်ရှိသည်။ ကမ္ဘာကြီး၏ တနေရာမှ မတရားမှုများကို ကျူးလွန်လျက် ကမ္ဘာကြီး၏တခြားတနေရာသို့ လွယ်ကူစွာ ပျံ့နှံ့နိုင်သည်ကို ဂရုပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်၏ မြန်မာပြည်သူလူထုအပေါ် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှု၊ အစုအလိုက်အပြုံလိုက်သက်ဖြတ်မှုနှင့်၊ အခြားသော ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းအား မြန်ဆန်စွာ အရေးယူပေးပါရန် ဆက်လက်ဖော်ပြထားသည်။