26 C
Yangon

ထောင်ပိုင်ကို ညီလေးဟု ခေါ်မိသဖြင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ပြင်းပြင်းထန်ထန် နှိပ်စက်ခံရ၊ လက်ကျိုးကာ ဦးခေါင်း သွေးခဲဒဏ်ရာများဖြင့် သတိလစ်မေ့မြော

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

အင်းစိန်ထောင်အတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ပိုင်ကို “ညီလေး” ဟု လှမ်းခေါ်မိ၍ နိုင်ငံရေးအကျဉ်းသား ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး ပြင်းပြင်းထန်ထန်နှိပ်စက်ခံရပြီး လက်ကျိုးသွားကာ ဦးခေါင်းတွင်လည်း သွေးခဲ၍ သတိလစ်မေ့မြောသွားကြောင်း အင်းစိန်အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

အင်းစိန်ထောင်တွင်းရှိ ဘုန်းကြီးကျောင်း၌ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသဖြင့် ထောင်ပိုင်က လာရောက်ပြီး ဆွမ်းကပ်စဥ် နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူ ကိုသတိုး(ခေါ်) ကိုဝင်းထွဋ်ဦးက “ဟေ့ရောင် ညီလေး” ဟု လှမ်းခေါ်လိုက်ကြောင်း၊ ထိုကဲ့သို့ အသံကြားသည့်အတွက် ထောင်ဝန်ထမ်းတစ်ဦးမှ အသံလာရာသို့ ဘယ်သူအော်တာလဲဟု မေးကာ အဖြေမရသည့်အဆုံး ထိုနေရာမှ အကျဥ်းသားအားလုံးကို နာမည်မှတ်သွားခဲ့ကြောင်း၊ ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး က ထောင်ပိုင်ကို ညီလေးဟု သူခေါ်လိုက်တာဖြစ်ကြောင်း ပြောကြားပြီးသည့်နောက် ထောင်ရုံးခန်းတွင် ဦးစီးနှင့် တွေ့ရန် သူ့ကို ခေါ်ယူခဲ့ပြီး ရုံးခန်းသို့ ကိုသတိုး ရောက်ချိန် စတင် ထိုးကြိတ်ရိုက်နှက်ကြခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“အရိုက်ခံရတဲ့ ကိုသတိုးက အခြေအနေမကောင်းဘူး။ လူရုပ်မပေါက်ဘူး။ ကျင်စက်တွေနဲ့ပါ မင်းက အာသီးရောင်တယ်ဟုတ်လားဆိုပြီး ကျင်စက်တွေကို ပါးစပ်ထဲ ထိုးထည့်တယ်တဲ့။ သူ့တစ်ယောက်ထဲကို အကုန် ဝိုင်းလုပ်တာ အုပ်လိုက်ကြီး။ အရိုက်ခံရလို့ အော်တဲ့အသံတောင် မကြားရက်ဘူး ပြောတယ်”ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကို သတိုးကို ဦးစီးရုံးတွင် နှိပ်စက်ပြီးသည့်နောက်တွင်လည်း ပြစ်ဒဏ်တိုက်ထဲထည့်ရန် ကိုဗစ်စစ်ဆေးပြီးနောက် နောက်တစ်ကြိမ်ထပ်မံ ထိုးကြိတ်ကြကြောင်း၊ ပါးစပ်ထဲသို့ ကျင်စက်ကို ထည့်၍ “မင်းလား အာသီးယောင်တာ” ဟု မေးမြန်းကြကြောင်း၊ တိုက်ပိတ်ရန် ခေါ်ယူလာပြီးနောက် အဝင်ပေါက်ဝသို့ ရောက်သောအခါ ထောင်ဝန်ထမ်းများ ပိုမိုများပြားသွားပြီး တစ်ဦးတည်းကို အုပ်စုလိုက် ဝိုင်းဝန်းထိုးကြိတ်ကြရာမှ နိုင်ကျဥ်းဖြစ်သူ ကိုသတိုးလည်း သတိလစ်မေ့မြောသွား၍ ကတ်နှင့်သယ်ကာ ထောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရေကြာင်း ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

အနှိပ်စက်ခံရသည့် ဒဏ်ကြောင့် ကိုသတိုးသည် လက်ကျိုးသွားပြီး ဦးခေါင်းတွင်လည်း သွေးခဲသွားကာ အင်းစိန်ထောင်တွင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

နိုင်ငံရေး အကျဉ်းသားဖြစ်သူ သတိုး (ခေါ်) ကိုဝင်းထွဋ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိပြီီ ဖြစ်ပြီး စစ်ကောင်စီ၏ ပုဒ်မ ၅ဝ၅(က)၊ ပုဒ်မ ၁၉(စ) တို့ဖြင့် ထောင် ၆နှစ် ချထားကြောင်း၊ ထို့ပြင် ပေါက်ကွဲ(၅) အမှုဖြင့်လည်း ထပ်မံမတရားစွဲဆိုခံထားရသူဖြစ်ကာ ၁၉ (စ) တို့ဖြင့် ထောင် ၆နှစ် ချခံထားရပြီး ပေါက်ကွဲ(၅) အမှုဖြင့်လည်း ထပ်မံတရားစွဲဆို ခံထားရသူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article