ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့၊ တောင်ဇရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ပျော်ပါးနေ နေသော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးရရှိသူများမှာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ် မင်းဇော်ဦးတို့ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်လာ စဉ် အကြမ်းဖက်တပ်သားမင်းဇော်ဦးမှာ ပြန်လည်ခုခံထွက်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
“မြို့ထဲ မစ်ရှင်ဆိုတော့ အမြန်ဖမ်းပြီး ပြန်ထွက်လာတာ၊ မြို့ထဲမှာတော့ စစ်ခွေးတွေ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ်၊ သွားဖမ်းတဲ့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်၊ CDM ဘဏ်ဝန်ထမ်းတွေကတော့ မန်နေဂျာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဝမ်းသာနေကြတယ်၊ အဲဒီလူက အဂတိလိုက်စားမှုကြီးတယ် လို့ ကြားရတယ်၊ စကစရဲ့ အမာခံကြီးလို့လဲ သိရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့( တောင် ပိုင်း) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များ KTV နှင့်မာဆပ်၌ ရောက်ရှိနေကြောင်း သတင်းအရ PDF Kalay တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသော တရားခံများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်၏ ညွှန်ကြားချက် အရ ကလေး မြို့နယ်တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရား စွဲဆို တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတို့နှင့် အ ညီ ထိန်းသိမ်း ထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။