28 C
Yangon

ပေါက်၊ ရေဦး၊ မင်းတပ်၊ ထားဝယ်နှင့် ကလေးတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်း ရေဦး နှင့် ကလေးမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု ၁၅ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ပေါက်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း SPGF တပ်ခွဲ-၁ ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဗိုလ်တစ္ဆေ ဦးဆောင်သော အဖွဲ့သည် လက်နက်ပစ္စည်းသယ်၍ ပြန်လာစဥ် ဖိုးဖြူလုံးကန်ရွာ ဇရပ်အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် ထိပ်တိုက် တွေ့ဆုံမိပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး Southern Pauk Guerrilla Force တပ်ခွဲ- ၁ မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ G-3 သေနတ် ၁ လက်၊ ကား ၁ စီး၊ ဖုန်း ၁ လုံး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆုံးရှုံးခဲ့သော ဖုန်းသည် Southern Pauk Guerrilla Force တပ်ခွဲ-၁ မှ ဗိုလ်တစ္ဆေ ဖုန်းဖြစ်ပြီး ၎င်းဖုန်းဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်လာလျှင် ပြန်လည်ဖြေဆိုခြင်း မပြုလုပ်ရန်နှင့် ဖုန်းခေါ်ဆိုခြင်းများ မပြုလုပ်ရန် SPGF တပ်ခွဲ ၁ ကထုတ်ပြန်ထားသည်။

ရေဦး မုတ်စီကျေးရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၅ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Tiger YeU Local PDF က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် မုတ်စီရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဥ် Tiger YeU Local PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

“ညနေ ၅ နာရီဝန်းကျင်လောက်က မိုင်းဆွဲပြီး တိုက်ခဲ့တာပါ။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ မုတ်စီက ကျပ်မပြည့်တဲ့ မသန်စွမ်းလေးကို ခွေးတွေက သေနတ်နဲ့ ပစ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ပါတယ်” ဟု Tiger YeU Local PDF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မင်းတပ်တွင် ကင်းလှည့်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း CDF – Mindat တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အင်အား ၂၀ ခန့်ပါဝင်သည့် အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို CDF – Mindat မှ အနီးကပ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် CDF – Mindat မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ပြည်သူများ နေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထားဝယ်၊ အညာဖျားရွာ သင်္ချိုင်းအနီး စစ်တပ် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အညာဖျားရွာ သင်္ချိုင်းအနီးတွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်-ပကဖ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထားဝယ်မြို့နယ်၊ အညာဖျားရွာအနီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အညာဖျားရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ဥယျာဉ်ကြီးရွာ ဘက်သို့ ခြေလျင်ပြန်ထွက်လာစဥ် Dawei Defence Team-DDT (ထားဝယ်-ပကဖ) နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်း(၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မိုင်း ၅ လုံးဖောက်ခွဲဖို့ စီစဉ်ထားတာ၊ ရွာခံတွေကို ဓားစာခံလုပ်ပြီး ရှေ့ပြေးပွိုင့်ခေါ်လာလို့ (၃) လုံးက မခွဲလိုက်ရဘူး၊ ခဏကြာတော့ ပြန်ဆုတ်လာခဲ့လိုက်တာ၊ ဒီနေ့ညနေ နယ်မြေရှင်းလင်းရေး လုပ်တော့ စစ်ဝတ်စုံတစ်စုံ၊ ကျည်ဆံခွံအချို့သိမ်းဆည်းရရှိခဲ့တယ်” ဟု ထားဝယ် ပကဖတာဝန်ခံကပြောသည်။

ယင်း အကြမ်းဖက် စစ်ကြောင်းသည် ဟိန္ဒားရွာ ရေအားလျှပ်စစ် စက်ရုံကို သွားရောက် လုံခြုံရေးယူခဲ့ပြီး နွားလဘို့တောင် တောလမ်းအတိုင်း ပြန်ဆင်းလာကာ အနီးအနားရှိ ကျေးရွာများမှ ပြည်ပိုင် နေအိမ်များကို ဖောက်ထွင်းခိုးယူသွားကြောင်း သိရသည်။

ကလေးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Kalay PDF တပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကလေးမြို့နယ် မြောက်ပိုင်း ကျောင်းတိုက် ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် PDF (Kalay) မိုင်းတပ်ဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF (Kakay)၊ CDF-KKG ပူးပေါင်းတပ်ဖွဲဝင်တို့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းခွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF (Kalay) မိုင်းတပ်ဖွဲ့မှ မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် နန်းချောင်းကျေးရွာသို့ ဆုတ်ခွာသွားပြီး နန်းချောင်းကျေးရွာရှိ ပြည်သူ့ပိုင် နေအိမ် ၁၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ နယ်မြေခံ ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းကာ ညအိပ်ရပ်နားခဲ့​ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း PDF(Kalay) တပ်ဖွဲ့မှ နန်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ နန်းချောင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article