ပခုက္ကူမြို့ပေါ်တွင် ပျူစောထီးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ် ခံရသူများ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် နေထိုင်သည့် ပျူစောထီးအဖွဲ့ဝင်နှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် ၉ လမ်းတွင် နေထိုက်သည့် သတင်းပေးဟု သတ်မှတ်ခံရသူ ဒေါ်မြင့်ကို အမည်မသိ လူငယ် ၃ ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဒေါ်မြင့်သည် ငွေတိုးချေးစားတာသူဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် ကျော်စွာ၊ နိုင်လင်းနှင့် ကိုလတ်တို့ကို Pakokku Underground Force မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Pakokku Underground Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာတွင် တပ်စွဲပြီး ပြည်သူပိုင်စပါးများကို ခိုးရိတ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စပါးရိတ်စက်မောင်းသူ တစ်ဦး ထိခိုက်ခဲ့ကြောင်း Guerilla Warfare –K.P.K ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၂ နာရီ မိနစ် ၄၀ ခန့်က တန့်ဆည်မြို့နယ် ဆင်ငယ်ရွာနောက်ဘက်ရှိ ပြည်သူများစိုက်ပျိူးထားသော စပါးများကို အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရိတ်စက်ဖြင့် လုယူ ရိတ်သိမ်းနေချိန် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စပါးရိတ်စက်မောင်းသူအား စနိုက်ပါ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Guerilla Warfare – K.P.K အဖွဲ့၊ Taze Tiger ၊ TSR ၊ PLA နှင့်တပ်ရင်း ၈ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
