28 C
Yangon

NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်နှင့် CDM လှုပ်ရှားမှုကို အားပေး ရန်၊ PDF နှင့် တိုင်းရင်းသား လက်နက် ကိုင်များကို နည်းပညာအကူ အညီ ပေး ရန်၊ MOGE အပါအဝင် စစ်တပ်၏ ဝင်ငွေ ကို ပိတ်ဆို့အရေးယူရန် တို့ပါဝင် သည့် အမေရိကန်အမျိုးသား ကာကွယ်ရေး ဥပဒေ အသက်ဝင်တော့မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ၏ အာဏာသိမ်းမှုအရေးကို အမေရိကန်အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းပြီး အမေရိကန်အစိုးရက ကိုင်တွယ်မှုများ ရှိလာတော့မည်ဖြစ်သည်။

လက်ရှိတွင် NDAA 2023 ဥပဒေ သည် အမေရိကန်အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး အထက်လွှတ်တော်က အတည်ပြုပြီးပါက သမ္မတ လက် မှတ် ရေးထိုး၍ ဥပဒေအဖြစ် အတည်ပြုမည်ဖြစ်သည်။

ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဉ်အောက်မှာ စာမျက်နှာ အနည်းငယ်သာ ပါရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် ၂၅ မျက်နှာပါဝင်လာခြင်းမှာ ထူးခြားချက်ပင်ဖြစ်သည်။

အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင်ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာမျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားသည်။ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေးမူဝါဒ အဖြစ် ၈ ချက်ပါဝင်သည်။

၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက်ထောက်ခံအားပေးရန်။

၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။

၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။

၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။

၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။

၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။

၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။

၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည်တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်းခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။

စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။

ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။

PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အစည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန်လည်း ပါဝင်သည်။

ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။

အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article