26 C
Yangon

ကျောက်မြောင်း၊ တည်ပင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ကာ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ကျောက်မြောင်း၊ တည်ပင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ကာ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို FAW ကား ၃ စီးဖြင့် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၂၀ ကျော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံ ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

” ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ စစ်တပ် မီးရှို့ဖျက်ဆီးသွားတဲ့ ကျောက်မြောင်းမြို့နယ် တည်ပင်ကျေးရွာကို ကျွန်တော်တို့ တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တယ်။ မီးရှို့ဖျက်ဆီးသွားတာ အိမ်ခြေ ၁၂၀ ခန့်၊ ပြည်သူ ၂ ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်။ စစ်ခွေးတွေက ၂ ရက်ဆက်တိုက် ရွာကို စီးနင်းတာ ပထမ တစ်ရက်ဝင်တော့ အိမ်တွေ မီး သိပ်မရှို့သေးဘူး။ ဒုတိယ တစ်ခေါက်မှ ရှို့တာပါ။ ဒုတိယ တစ်ခါ ဝင်တော့ ဓါးစားခံ တစ်ဦးမိသွားတယ်။ ရွာထဲက ပြည်သူပဲ သူ့ကို လက်ပြန်ကြိုး တုတ်ပြီး နာမည်စရင်း တွေ နဲ့ အိမ်လိုက်ပြ ခိုင်းတယ် နောက်ပြီး အဲ့အိမ်တွေကို မီးရှို့ သွားတယ်” ဟု Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် တည်ပင်ရွာကို ၂ ဖွဲ့ ခွဲ၍ အင်အား ၄၀ ဦးခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်း ကျေးရွာအတွင်းသို့ မဝင်ရောက်မီ လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်၌ ကျေးရွာရှိကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသူများကို ဖမ်းဆီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ကျောက်မြောင်း ခမရ ၁၂ ဖြင့် နီးကပ်သောကြောင့် စစ်တပ် စစ်ကြောင်းများ ပြန်လည်ရောက်ရှိလာမည်ကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article