36 C
Yangon

ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီက စစ်တပ်ပိုင် MEC ထံ ဒေါ်လာ ၁ သန်းကျော် လွှဲပြောင်းပေးခဲ့

Must read

ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီက စစ်တပ်ပိုင် MEC ထံ ဒေါ်လာ ၁ သန်းကျော် လွှဲပြောင်းပေးခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဂျပန်အစိုးရ အကူအညီနဲ့ တည်ဆောက်နေတဲ့ စီမံကိန်းအတွက် ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပေးအပ်ခဲ့တယ်လို့ Human Rights Watch (HRW) က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် Yokogawa Bridge ကုမ္ပဏီက ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအတွက် MEC ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့် ပေးချေခဲ့တာပါ။ အဆိုပါငွေများကို Yokogawa Bridge ကုမ္ပဏီက ဂျပန် မီဇူဟိုဘဏ်လီမိတက် မှတစ်ဆင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရှိ MEC အကောင့်ထဲသို့ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း HRW မှ ပြောကြားခဲ့ပါတယ်။

ဒီငွေလွှဲပြောင်းပေးမှုနဲ့ ပတ်သတ်လို့ HRW ရဲ့ အာရှပရိုဂရမ်အရာရှိ Teppei Kasai က “Yokogawa Bridge ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် MEC တို့ရဲ့ စီးပွားရေးဆက်ဆံမှုတွေကတဆင့် ဂျပန်အစိုးရဟာ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ထိရောက်စွာ ထောက်ပံ့ကူညီနေပါတယ်” လို့ ပြောပါတယ်။

“ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ မဟုတ်တဲ့ အခြားအကူအညီ အထောက်အပံ့တွေ မပေးတော့ဘူးဆိုတာကို သေချာစေသင့်ပါတယ်” လို့လည်း ဆက်ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီး မကြာမီမှာပဲ ဆိုင်းငံ့ထားခဲ့တဲ့ တံတားတည်ဆောက်မှုကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက HRW ကိုပြောခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကုမ္ပဏီနှင့် MEC တို့ကြား ငွေကြေးလွှဲပြောင်းမှုများနှင့်ပတ်သက်လို့ တရားဝင် မှတ်ချက်ပေးရန်အတွက်ကိုမူ ၄င်းက ငြင်းဆိုခဲ့ပါတယ်။ အလားတူ Yokogawa Bridge ကုမ္ပဏီနဲ့ Mizuho Bank တို့ကလည်း အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း HRW မှ ပြောကြားခဲ့ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ကို များပြားလှတဲ့ ဘဏ္ဍာငွေတွေ ပံ့ပိုးနေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ အခြားစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်(Myanmar Economic Holdings Limited) တို့ကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့က ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ အစီရင်ခံစာမှာလည်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဟာ ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်ရေးနှင့် ဆက်သွယ်ရေး အပါအဝင် ကဏ္ဍအစုံရှိ ၄င်းရဲ့စီးပွားရေးလုပ်ငန်းများမှတဆင့် စစ်အုပ်စုအတွက် ဝင်ငွေများ ဖန်တီးပေးနေတယ်လို့ ဖော်ပြထားပါတယ်။

“ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ရန်ပုံငွေတွေ ထောက်ပံ့ပေးတာကို ရပ်ဆိုင်းသင့်ပြီး၊ မြန်မာပြည်သူတွေကိုယ်စား ပြုမူဆောင်ရွက်သင့်ပါတယ်” လို့ Kasai က ဆိုပါတယ်။ “ဂျပန်ဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် အားပေးကူညီပေးသူတွေ မဖြစ်သင့်ပါဘူး” လို့လည်း ၄င်းက ဆက်ပြောခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article