32 C
Yangon

ငါန်းဇွန်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ငါန်းဇွန်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Nway Oo Takhon PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် ထနောင်းကုန်းကျေး၌ တပ်စွဲပြီး အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးဖျက်ဆီးကာ ထနောင်းကုန်းရွာသို့ ပြန်လာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများ အုပ်စုဖွဲ့ထိုင်နားနေစဉ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“အပြင်းအထန်ဒဏ်ရာရတဲ့အထဲမှာတစ်ကောင်က စိုးရိမ်ရတယ်လို့ သိရတယ်၊ စစ်ခွေးတွေရဲ့ ဂျန်မာမိမှာစိုးလို့ ကြဲချပြီးတာနဲ့ တစ်ခါတည်းတန်းခေါ်ခဲ့လိုက်ရတာ၊ အဲဒါကြောင့် ဗုံးသီးကျပေါက်ကွဲတဲ့ ရုပ်သံမယူလိုက်နိုင်ဘူး။ အသံပါပဲရလိုက်တယ်၊ မြင်းမူဘက်တိုက်ပွဲမှာ စစ်ခွေးတွေရဲ့ ဂျန်မာမိပြီး ဒရုန်းတစ်စီးဆုံးရှုံးခဲ့ဖူးတယ်၊ အဲဒီ အတွက်လဲ ပြန်မဝယ်နို်ငသေးဘူး၊ ၆၀ မမ တွေသယ်နို်ငမယ့် ဒရုန်းတစ်စီးလောက်တော့ ထပ်လိုချင်တယ်၊ ထိထိရောက်ရောက်လုပ်နိုင်ဖို့” ဟု Nway Oo Takhon PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Nway Oo Takhon PDF ၊ T. G. R. Women Drone Force ၊ ဒေါင်းဖိုက်တာ NZN PDF ၊ Zamani Revolution Force (MMU)Myaung ၊ ဇီးရိုးပြောက်ကြား တပ်ရင်း ၇ ၊ တပ်ခွဲ ၁ ၊ ငါန်းဇွန် မီးနဂါး၊ myaung_revolution_army M. R. A တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားတုံးရွာထိပ် ချင်းတွင်းမြစ်ဘေးတွင် တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ ကြောင်း Black Shadow PDF မှ ဒုတိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဗသိန်းက ရန်ကုန် ခေတ်သစ်သ တင်း ဌာနထံ သို့ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လည် ၁၁ နာရီခန့်က ညောင်ပင်ကြီးကျေးရွာမှ ဆားလင်းကြီးရဲစခန်းသို့ အင်အား ၅၀ ခန့်ဖြင့်ခြေလျင် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီးလေယာဉ်ဖြင့် နာရီဝက်ခန့် အထိ ပစ်ကူပေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က အမျိုးသမီးတွေလည်းပါတယ်၊ စစ်ခွေးတွေထဲက အမျိုးသမီးတစ်ဦးရော သေတယ် လို့ယူဆရတယ်၊ စစ်ခွေးတွေ အသေအပျောက်ကတော့ရှိတယ်၊ အရေအတွက် အတိအကျသာမသိရသေး တာ၊ လေယာဉ်ပစ်ကူလာလို့ နောက်ဆုတ်ခဲ့ရတာ၊” ဟု Black Shadow PDF အဖွဲ့မှ ဒုတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ဗသိန်းက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Shadow PDF ၊ Black Vote Fighter ၊ Salingyi Generation Z – PDF ၊ Daung New Generation ၊ ကနီ PDF ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ DRPA နှင့်အခြားဒေသခံမဟာမိတ် တပ်ဖွဲ့များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article