35 C
Yangon

စစ်ကိုင်း၊ ပဲခူးနှင့် မကွေး တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး

Must read

စစ်ကိုင်း၊ ပဲခူးနှင့် မကွေး တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ပဲခူးတိုင်း ပေါင်းတည်၊ သဲကုန်းမြို့နယ်နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

============================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးကြောင်း ချင်းတွင်း တိုက်ဂါး – LPDF အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဘန့်ဘွေးရွာမမှ ထွက်ခွာလာသော စစ်သားများကို ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်း တိုက်ဂါး-LPDF နှင့် နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး

=================================

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃ ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာ၊ ဆက်သေချောင်း အနီး အကြမ်းဖက် စစ်တပ်မှ အင်အား ၃၃ ဦးပါ စစ်ကြောင်းကို PDF တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃ မှ ဒုတပ်ခွဲမှူး လင်းယုန် ဦးဆောင်သော လင်းယုန်စစ်ကြောင်းမှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နတ်မောက်တွင် ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၉ ဦးသေဆုံး

==================================

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် နတ်မောက်မြို့နယ်၊ သပွတ်ပင်ရွာမှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်သား ၁၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၉၀၁ တပ်ခွဲ ၂ မှ နတ်မောက်ဂဠုန် PDF အဖွဲ့ နှင့် ကျားသစ်နက်စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ် လျှပ်စစ်မီတာရုံးကို ဖောက်ခွဲ တိုက်ခိုက်

============================

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲလျှပ်စစ်မီတာရုံးကို ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၃ နာရီ ၂၅ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းလျှပ်စစ်မီတာရုံးသည် အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာ ထောက်ပံ့ပေးနေသည့် ထောက်တိုင်တစ်ခုဖြစ် ပြီး ပြည်သူလူထုထံမှ လျှပ်စစ်မီတာခများကို အတင်းအကြပ်ဖိအားပေးတောင်းခံလျက်ရှိကြောင်း၊ ထို့ကြောင့် နန်း ထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးတွင်းအဆောက်အအုံနဲ့ စာရွက်စာတမ်း၊ ပရိဘောဂတွေ ပျက်စီးတယ်၊ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တာပါ” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article