38 C
Yangon

စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လူဦးရေ စာရင်းများ အတင်းအကျပ်ကောက်ယူ၊ မှတ်ပုံတင် မရှိသူများကို တစ်ခါတည်း ဖမ်းဆီးပြီး ငွေညှစ်မှုများရှိ

Must read

စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လူဦးရေ စာရင်းများ အတင်းအကျပ်ကောက်ယူ၊ မှတ်ပုံတင် မရှိသူများကို တစ်ခါတည်း ဖမ်းဆီးပြီး ငွေညှစ်မှုများရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းနှင့်သန်းခေါင်စာရင်းများ အတင်းအကျပ် စတင် ကောက်ယူနေပြီး မှတ်ပုံတင်မရှိသူများကို ရဲစခန်းနှင့် ရပ်ကွက်ရုံးများသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးကာ ငွေညှစ်မှုများ၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းများ ကောက်ယူမည်ဟု ကြေညာထားသော်လည်း ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ ရပ်ကွက်များ၊ လမ်းများတွင် လူဦးရေ စာရင်းများ စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း၊ လူဦးရေစာရင်းကောက်ယူခြင်းဖြစ်သော်လည်း မှတ်ပုံတင်ပါ တစ်ခါတည်း စစ်ဆေးပြီး မှတ်ပုံတင် မရှိသူများကို မသင်္ကာမှုဖြင့် ရဲစခန်း၊ ရပ်ကွက်ရုံးခေါ်ယူစစ်ဆေးကာ ငွေတောင်းခံမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း ဘုရားကြီးမြို့၊ အမှတ် ၃ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်အတွင်း လူဦးရေစာရင်းလိုက်ကောက်နေပြီး မှတ်ပုံတင်များပါ တစ်ပါတည်း စစ်ဆေးနေကြောင်း သိရှိရသည်။

“ပဲခူးတိုင်း ဘုရားကြီးမြို့ အမှတ်၃ရပ်ကွက်အုပ်ကြီးနဲ့ ဘောမတသိုက် လူဦးရေစာရင်းတွေ လိုက်ကောက်နေတယ်။ မှတ်ပုံတင်ပါ စစ်နေတာ။ တကယ်တော့ လူဦးရေစာရင်းကောက်တာမဟုတ်ဘူး။ အိမ်မှာ လူဘယ်လောက်ရှိလဲ၊ လူငယ်ဘယ်လောက်ရှိလဲ။ PDF ရှိလားဆိုတာမျိုးတွေပါ မေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူပင် မန္တလေးတိုင်း ၊ ချမ်းမြသာစည် မြို့နယ် အကွက် ၈၆၇ ၈၆၈ တွင်လည်း စစ်ကောင်စီခန့် ရာအိမ်မှူး ဝင်းမြင့်နှင့် ခင်င်မောင်လွင်တို့က ၊ ဆယ်အိမ်မှူး ဖိုးကျော်တို့နှင့်အတူ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းလိုက်ကောက်ပြီး အိမ်ထောင်စုစာရင်း မပေးလျှင် စစ်တပ်ဖြင့် ခေါ်ယူ ဖမ်းဆီးရိုက်နှိက်ခိုင်းမည်ဟု ခြိမ်‌ေးခြာက်နေကြောင်း သိရှိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင်လည်း ကျောင်းဆရာမများ၊ ပရဟိတအဖွဲ့များ၊ မီးသတ် ရုံးစာရေးတို့က တစ်အိမ်တက်ဆင်း လူဦးရေစာရင်း လိုက်လံကောက်ယူနေပြီး မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“မှတ်ပုံတင် အကုန်ထုတ်ခိုင်းတယ်။ မှတ်ပုံတင်နဲ့ တိုက်ကောက်တာ။ အဆောင်ဆိုရင် နေတဲ့သူတွေ တစ်ခန်းစီ ကောက်တာ။ လူအကုန်လိုက်စစ်တာ” ဟု ရွှေပြည်သာဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မြစ်ကြီးနား၊ ရွှေဘို၊ မကွေး၊ တောင်တွင်းကြီး အပါအဝင် နယ် မြို့ကြီးများတွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ပြီး လူဦးရေစာရင်းနှင့်သန်းခေါင်စာရင်းများ ကောက်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article