29 C
Yangon

စသုံးလုံးဌာနတွင် လာဘ်ယူမှုဖြင့် နာမည်ပျက်ရှိသည့် အောင်လင်းဒွေးတူ ကြယ်ဇင်ထက် အပါအဝင် စစ်တပ်နှင့်ပတ်သက်သူများ ရာထူးတိုးမြှင့်ပေး

Must read

စသုံးလုံးဌာနတွင် လာဘ်ယူမှုဖြင့် နာမည်ပျက်ရှိသည့် အောင်လင်းဒွေးတူ ကြယ်ဇင်ထက် အပါအဝင် စစ်တပ်နှင့်ပတ်သက်သူများ ရာထူးတိုးမြှင့်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံးဌာန) တွင် ဒုတိယ စုံစမ်းရေးမှူးမှ စုံစမ်းရေးမှူးများအဖြစ် ရာထူး တိုးမြှင့်ရာတွင် လာဘ်ယူမှုဖြင့် နာမည်ပျက် ရှိသည့် စစ်ကောင်စီအတွင်း ရေးမှူး အောင်လင်းဒွေးတူဖြစ်သူ ကြယ်ဇင် ထက် အပါအဝင် စစ်တပ် နှင့်ပတ်သက်သူများကိုသာ ရာထူးတိုးမြှင့်ပေးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဒုတိယအပတ်တွင် စသုံးလုံးဌာနတွင် ဒုစုံစမ်းရေးမှူးမှ စုံစမ်းရေးမှူးများအဖြစ် ၃၀ ဦးကို ရာထူးတိုးမြှင့်ပေးရာတွင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်သူများ၊ နာမည်ပျက်ရှိပြီး အကပ် ကောင်းသူများကိုသာ ရာထူးတိုးမြှင့်ပေးပြီး ကျန်အရည်အချင်းဖြင့် စာမေးပွဲအောင်မြင်သူများမှာ ရာထူးတိုးတွင် မပါဝင်ကြောင်း သိရှိရသည်။

ဒုစုံစမ်းရေးမှူးမှ စုံစမ်းရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူများတွင် အောင်လင်းဒွေး၏ တူတော်စပ်သူ ကြယ်ဇင်ထက်၊ လ၀က ဌာန ဒုဝန်ကြီး၏ တူဖြစ်သူ နန္ဒာဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် နာမည် ပျက်ရှိပြီး လာဘ်ပေး လာဘ်ယူမှု၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများကို ပြန်လွှတ်ပေး မှုများနှင့် မင်နီတားခံရသူများဖြစ်ကြောင်း သိရှိရသည်။

” မင်နီထိခံထားရတဲ့ အောင်လင်းဒွေးတူက ရာထူးတိုးတယ်။ ဘာမှအရည်ချင်းမရှိဘဲ စစစ ကရင်ရုံး မှာ တာဝန်ကျပြီး ပြီးခဲ့နှစ် အာဏာသိမ်းကာလမှာ စစစသံတောင်ကြီးခရိုင်ရုံးတာဝန်ကျချိန် မူးယစ် ဆေးဝါးများသယ်ဆောင်လာတဲ့ ကားကို ငွေယူလွှတ်ပေးပြီး ခွဲတမ်းမလောက်လို့ အကွာဝေးမခြားတဲ့ အခြားတစ်ဘက်ဂိတ်မှာ ထပ်စောင့်ဖမ်းတယ်။ အဝေမတည့်၊ ဖော်ကောင်လုပ်လိုက်လို့ မူးယစ်ဂိုဏ်းက အသေရရအရှင်ရရ သတ်မယ်ကြိမ်းခံထားရတဲ့သူ။ လက်ရှိ လဝကဒုဝန်ကြီးတူဖြစ်တဲ့ နန္ဒာဦးလည်း အတူတူပဲ။ သူတို့နှစ်ဦးက လုပ်သက် ၆ နှစ်ကျော်တွင်း စုံစမ်းရေးမှုးတွေ ဖြစ်လာပြီး ရာထူးတိုး ၃၀ ဦးထဲမှာ အမျိုးသမီး လုံး၀ မပါဘူး။ စသုံးလုံး ဒုညွှန်ချုပ်က အောင်လင်းဒွေးတပည့် သိန်းနိုင်ထွန်း။ ရာထူးတိုးကို သူလုပ်တာပဲ” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

လက်ရှိတွင် စသုံးလုံးဌာနတွင် စစ်တပ်နှင့်နီးစပ်သူများသာ နေရာရပြီး လာမည့်အနာဂတ်တွင်လည်း မိုးကျရွှေကိုယ် စစ်တပ်ဘက်မှ အရပ်ဘက်ပြောင်းသူများ ကြီးစိုးလာမည့် အခြေအနေ များရှိ နေ ကြောင်း၊ လက်ရှိတွင် ထွက်စာတင်သူ ၅၀ နီးပါးရှိနေပြီး ထွက်စာတင်သူများ ပိုမို များပြား နိုင်ကြောင်း နေပြည်တော် စသုံးလုံး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- စသုံးလုံးဌာနတွင်း အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article