28 C
Yangon

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

Must read

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကူးလက်မှတ် လျှောက်ထား ထုတ်ပေးသည့်ရုံးများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းထားကြောင်း ယနေ့ နိုင်ငံကူးလက်မှတ်သွားရောက် လုပ်ခဲ့သူများထံမှ သိရှိရသည်။

ရန်ကုန်မြို့၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဒီဇင်ဘာတတိယအပတ်မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ရုံးတွင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ရာ ယနေ့တွင် ပြန်လည်လုပ်ငန်းစတင်မည်ဟု သတင်းရရှိ၍ ပြည်သူအများအပြားသွား ရောက် တန်းစီခဲ့ကြသော်လည်း ရက်အကန့်အသတ်မရှိ ရုံးပိတ်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြောင်း၊ နိုင်ငံကူးလက်မှတ် လာလုပ်သူများကို အိမ်ပြန်ကြရန် ပြောဆိုပြီး ရုံးတံခါးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာတတိယအပတ်တုန်းက နှစ်သစ်ကူးမို့ ပိတ်တာလားဆိုပြီး ထင်ခဲ့တာ။ ဒီနေ့ ရုံးအားလုံးပြန်ဖွင့်ကြမှာဆိုတော့ ဖွင့်မှာပဲဆိုပြီးလာတာ။ အခုက ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်ပြောတယ်။ ကျနော်က QR Code ရပြီးသားပါ” ဟု ယနေ့ နံနက်ပိုင်း နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကမူ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုံခြုံရေးစက္ကူ လုံး၀ မရှိတော့၍ မှာယူထားသည့်အတွက် ယင်းလုံခြုံရေးစက္ကူများ တင်သွင်းထားမှု ပြန်လည်ဝင်ရောက်လာမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်မည်ဟု သတင်းကြားသိရသည်ဟု ပြောဆိုသည်။

နိုင်ငံကူးလက်မှတ်ရုံးများတွင်မူ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ရုံးအား ခေတ္တပိတ်ထားကြောင်း ကြေညာချက်ကို ဆိုင်းဘုတ်ထောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article