27 C
Yangon

နွေဦး တော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “တသံ တည်းညီ တချီတည်းရုန်း” ပြည်လုံးကျွတ် အသံတိတ် သပိတ် ဆင်နွှဲရန် ကြေ ညာ

Must read

နွေဦး တော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “တသံ တည်းညီ တချီတည်းရုန်း” ပြည်လုံးကျွတ် အသံတိတ် သပိတ် ဆင်နွှဲရန် ကြေ ညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် “တသံတည်းညီ တချီတည်းရုန်း” စစ် အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ဆင်နွှဲရန် သပိတ် အင်အား စုများ နှင့်တော်လှန်ရေးအင်အားစုများက ပြည်သူများကို တိုက်တွန်းလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင် ဆင်နွှဲနိုင်သည့် “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြရန် ပြည်သူများကို သပိတ်အင်အားစု များ နှင့် တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

သပိတ်အင်အားစုများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်တွန်းချက် အပြည့် အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“တသံတည်းညီ တချီတည်းရုန်း”

●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေး မနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသား ကျ မသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသ နေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေ အနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ် သက် ခြင်း သပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန် နေ အောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ် လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက် စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မ ကျင်းပ ဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲ ကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက် သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီး ဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ် အုပ်စုဘက် က လည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီး အကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေ အနေနဲ့ တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူ နေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေး အတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦး မယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြ မယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦး တော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ် မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ် ပါတယ် ခင်ဗျား/ရှင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article